ရန်ကုန် ဩဂုတ် ၆
မြန်မာနိုင်ငံ ဂေါက်သီး အားကစားအဖွဲ့ချုပ်က ကြီးမှူး၍ SAE PAING Development Ltd နှင့် Phyo Si Thu Teak Plantation (Myanmar)တို့က အဓိကကူညီပံ့ပိုးသည့် ၂၀၂၆ မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ၏ ဝါသနာရှင်အဆင့်(Amateur)၊ ဝါသနာရှင်အဆင့် သက်ကြီးတန်း (Senior Amateur)အဆင့် ဂေါက်သီးရိုက်ပြိုင်ပွဲ နောက်ဆုံးနေ့နှင့် ဆုပေးပွဲကို ယနေ့တွင် ရန်ကုန်ဂေါက်ကွင်း(တညင်းကုန်း)၌ ကျင်းပသည်။
ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲ ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းမြင့်ချင်းက သက်ကြီးတန်း ဝါသနာရှင်အဆင့်(အသက် ၆၆-၇၅)တွင် ဒုတိယဆုရရှိသည့် ဦးကျော်သူ၊ ပထမဆုရရှိသည့် ဦးကျော်စိန်လင်းတို့အား လည်းကောင်း၊ မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်မောင်မောင်ဝင်းက သက်ကြီးတန်းဝါသနာရှင်အဆင့် (အသက် ၆၁-၆၅)တွင် ဒုတိယဆုရရှိသည့် ဦးဆန်းမင်း (မော်လမြိုင်)၊ ပထမဆုရရှိသည့် ဦးစိုး(မန္တလေး)အား လည်းကောင်း၊ မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးစိုးက သက်ကြီးတန်းဝါသနာရှင်အဆင့် (အသက် ၅၅-၆၀)တွင် ဒုတိယဆုရရှိသည့် ဦးအိုက်ပန်း၊ ပထမဆုရရှိသည့် ဦးကိုကိုအေးတို့အား လည်းကောင်း ဆုများချီးမြှင့်သည်။
ဆက်လက်၍ မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးအိုက်ပန်းက ဝါသနာရှင်အဆင့်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ဟိန်းနိုင်ဇင်၊ ပထမဆုရရှိသည့် ကျော်ကိုကိုချစ်တို့အား ဆုချီးမြှင့်ပြီး ပထမဆုရရှိသည့် ကျော်ကိုကိုချစ်အား မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ ချုပ် နာယက ဦးအောင်ကြည်နှင့် ဥက္ကဋ္ဌ ဦးကိုကိုအေးတို့က မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား ပေးအပ်ချီးမြှင့်သည်။
ပြိုင်ပွဲကို မျိုးဆက်သစ် ဂေါက်သီးအားကစားသမားများ၏ လက်ရည်အဆင့်အတန်း တိုးတက်လာစေရန်နှင့် နိုင်ငံတကာအဆင့်မီ ယှဉ်ပြိုင်နိုင်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး ယခုပြိုင်ပွဲကို Burmese Golf (BG)၊ ဦးစိုး(ရွှေဝါတောင်ကုမ္ပဏီလီမိတက်)၊ ဦးလှမြင့်ရွှေ (United Pacific Co., Ltd)၊ Alpine သောက်ရေသန့်နှင့် Alpine Vitamin Drink တို့ကလည်း ထပ်မံကူညီပံ့ပိုးပေးကြောင်း သိရသည်။
သတင်း-ချစ်ကိုကို
ဓာတ်ပုံ-ကိုထွန်း


