၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း အမျိုးသားလေးယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ ပထမအဆင့် ရှုံးထွက်ပွဲစဉ်များနှင့် ကွာတားဖိုင်နယ်ပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော် စက်တင်ဘာ ၈

 

အားကစားရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်း အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံပိုက်ကျော်ခြင်း (အမျိုးသား) ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ(A)၌ ကျင်းပသည်။

 

ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း အမျိုးသားလေးယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ ပထမအဆင့် ရှုံးထွက်ပွဲစဉ်များအဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်းက ပို့ဆောင်ရေးဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်၊ သာသနာရေးဝန်ကြီးဌာနအသင်းက မြန်မာနိုင်ငံတော် ဗဟိုဘဏ်အသင်းကို နှစ်ပွဲ - တစ်ပွဲ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းက ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအသင်းက ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနအသင်းကို နှစ်ပွဲ-တစ်ပွဲ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနအသင်းက ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်၊ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက အားကစားရေးရာဝန်ကြီးဌာနအသင်းကို နှစ်ပွဲ - တစ်ပွဲ၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်းက ပညာရေးဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်၊ ကွာတားဖိုင်နယ်ပွဲစဉ်များအဖြစ် သာသနာရေးဝန်ကြီး ဌာနအသင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းက လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်၊ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက ကာကွယ်ရေးဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်ဖြင့် ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

 

စက်တင်ဘာ ၉ ရက် နံနက် ၁၀ နာရီမှစတင်၍ ပိုက်ကျော်ခြင်း အမျိုးသားလေးယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် သာသနာရေးဝန်ကြီးဌာနအသင်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး အကြိုဗိုလ်လုပွဲ ပွဲစဉ်များအပြီးတွင် တတိယလုပွဲနှင့် ဗိုလ်လုပွဲ ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်ကစားသွားမည် ဖြစ်၍ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို “အခမဲ့” လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်းနှင့် ပိုက်ကျော်ခြင်း (အမျိုးသား) လေးယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များနှင့် ဆုပေးပွဲအခမ်းအနားကို မွန်းလွဲ ၃ နာရီမှစတင်၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ရုပ်သံလိုင်းများဖြစ်သည့် MRTV HD, MRTV Sports Channel နှင့် MRTV Entertainment တို့တွင် တိုက်ရိုက် (Live) ရိုက်ကူးထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်