တောင်ကြီး သြဂုတ် ၂၂
၂၀၂၆ ခုနှစ် တတိယအကြိမ် ပြည်နယ်အဆင့် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကို ယနေ့ နံနက်ပိုင်းက တောင်ကြီးမြို့ တောင်ကြီးငှက်ဘေးမဲ့တောအတွင်း ကိုးနဝင်းတောင် အတက်လမ်းဘေး၌ ကျင်းပခဲ့ပြီး ထင်းရှူး၊ ချယ်ရီ၊ စိန်ပန်းနီ၊ စိန်ပန်းပြာ၊ ခရေ၊ စံကားဝါ၊ ငုရွှေဝါ၊ မဟော်ဂနီ စသည့် သစ်မျိုးခုနစ်မျိုး အပင်ပေါင်း ၁၁၀၀ စိုက်ပျိုးပေးခဲ့သည်။
သစ်ပင် စိုက်ပျိုးပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက အမှာစကားပြောကြားပြီး ပအိုဝ်းတိုင်းရင်းသားအဖွဲ့နှင့် သူနာပြုအဖွဲ့များကို ပျိုးပင်များ ပေးအပ်ကာ ပြည်နယ်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ပါဝင်ဆောင်ရွက်ပေးခဲ့သော ကုမ္ပဏီကို ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်၍ သတ်မှတ်နေရာများ၌ ပျိုးပင်များကို စိုက်ပျိုးပေးကြသည်။
ပြည်သူလူထုပူးပေါင်းပါဝင်ဆောင်ရွက်မှုဖြင့် ရှမ်းပြည်နယ်အတွင်း သစ်ပင်စိုက်ပျိုးပွဲများကို ဆောင်ရွက်ခဲ့ရာ ၂၀၂၆ ခုနှစ် မိုးရာသီတွင် သစ်ပင်စိုက်ပျိုးပွဲ ၅၂ ကြိမ် ကျင်းပနိုင်ခဲ့ပြီး ပျိုးပင်ပေါင်း ၄၂၉၅၆ ပင် စိုက်ပျိုးနိုင်ခဲ့သည်။
ကြည့်ရှုစစ်ဆေး
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ ပေါင်လင်းကျေးရွာအုပ်စု လိုင်ဟာမြားဒေသရှိ ခနောက်စိမ်းသတ္တု ၉၉ ဒသမ ၆၅ ရာခိုင်နှုန်း သန့်စင်ပြီး ဘလောက်တုံးစက်ရုံ၊ ခနောက်စိမ်းသတ္တုမိုင်းတွင်းနှင့် သတ္တုကြိတ်ခွဲစက်ရုံ၊ ခနောက်စိမ်းသတ္တုအရည်ကျိုစက်ရုံနှင့် ခနောက်စိမ်းသတ္တု ဘလောက်တုံးများနှင့် ဓာတ်ခွဲခန်းတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)


