၂၀၂၆ ခုနှစ် တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများ ဆက်လက်ကျင်းပ

နေပြည်တော်    အောက်တိုဘာ    ၅

တပ်မတော်(ကြည်း၊ ရေ၊ လေ) လက်ရွေးစင်အားကစားသမားများမှတစ်ဆင့် နိုင်ငံ့ဂုဏ်ကိုဆောင်နိုင်သည့် မြန်မာ့ လက်ရွေးစင် အားကစားသမားများအဖြစ်   တက်လှမ်းနိုင်စေရန်နှင့်   မျိုးဆက်သစ်လူငယ် အားကစားသမားကောင်းများ  စဉ်ဆက်မပြတ် ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ်  တပ်မတော်(ကြည်း၊ ရေ၊ လေ)အားကစားပြိုင်ပွဲ များကို ယနေ့နံနက်ပိုင်းတွင်  သက်ဆိုင်ရာအားကစားနည်းများအလိုက်  သတ်မှတ်ထားသော အားကစားကွင်းများနှင့် အားကစားရုံများတွင် ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။

၂၀၂၆ ခုနှစ်၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)အားကစားပြိုင်ပွဲများဖြစ်သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) ပြေးခုန်ပစ်ပြိုင်ပွဲများကို  ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိ တပ်မတော်အားကစားကွင်း၌ အမျိုးသမီး တုတ်ထောက်ခုံပြိုင်ပွဲ ဗိုလ်လုပွဲ၊ အမျိုးသမီး (၇)မျိုးစုံ(၁) မီတာ-၁၀၀ တန်းကျော်ပြေးပြိုင်ပွဲ ဗိုလ်လုပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ-၄၀၀ အပြေးပြိုင်ပွဲ လူရွေးပွဲနှင့်ဗိုလ်လုပွဲ၊ အမျိုးသမီး(၇)မျိုးစုံ
(၂) တန်းမြင့်ခုန်ပြိုင်ပွဲ   ဗိုလ်လုပွဲ၊  အမျိုးသားအလျားခုန်ပြိုင်ပွဲ ဗိုလ်လုပွဲ၊ အမျိုးသမီး(၇)မျိုးစုံ(၄) မီတာ-၂၀၀ ပြေးပြိုင်ပွဲ  ဗိုလ်လုပွဲပြိုင်ပွဲများကို လည်းကောင်း၊  ဇေယျာသီရိ အမှတ်(၁)လေ့ကျင့်ရေးကွင်း၌ အမျိုးသား  အမျိုးသမီး သံပြားဝိုင်းပစ်ပြိုင်ပွဲ ဗိုလ်လုပွဲ၊ အမျိုးသမီး(၇)မျိုးစုံ(၃) သံလုံးပစ်ပြိုင်ပွဲ ဗိုလ်လုပွဲကိုလည်းကောင်း အသီးသီးယှဉ်ပြိုင်ကြပြီး အောက်တိုဘာ ၃ ရက်နှင့် ၄ ရက် ပြိုင်ပွဲများတွင် ဆုရရှိခဲ့သည့် အားကစားသမားများကို တာဝန်ရှိသူများက တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။

အလားတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မတော် (ကြည်း၊ ရေ၊ လေ) ဂျူဒိုပြိုင်ပွဲကို ဇေယျာသီရိ တပ်မတော်အားကစားရုံ(A)၌ အမျိုးသား/အမျိုးသမီး ကီလိုတန်းအလိုက် အတိုက်ပြိုင်ပွဲများ အသီးသီးယှဉ်ပြိုင်ကစားကြပြီး အောက်တိုဘာ ၃ ရက်နှင့် ၄ ရက် ပြိုင်ပွဲများတွင် ဆုရရှိခဲ့သည့် အားကစားသမားများကို တာဝန်ရှိသူများက တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။

ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) အမျိုးသား  အမျိုးသမီးဘော်လီဘောပြိုင်ပွဲကို ဇေယျာသီရိ တပ်မတော်အားကစာရုံ(B)၌  အမျိုးသား  အမျိုးသမီး ကွားတားအဆင့် ပတ်လည်ပြိုင်ပွဲများကို လည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း (၃၃)ကြိမ်မြောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မြန်မာ့သိုင်းပြိုင်ပွဲကို ဇေယျာသီရိ တပ်မတော်အားကစားရုံ(C)၌ အမျိုးသား ဓားနှစ်လက် အတိုက် (က)တန်း၊ အမျိုးသား  ဓားတစ်လက်  အတိုက်(က)တန်း၊ အမျိုးသားဓားတစ်လက်အတိုက်(ခ)တန်း၊ အမျိုးသမီးဓားတစ်လက်  အတိုက်ပြိုင်ပွဲ၊ အမျိုးသား ဗန်တိုအတိုက်(က)တန်း၊ အမျိုးသားဗန်တိုအတိုက် (ခ)တန်း၊ အမျိုးသား ပန်ကြပ်ဆီလပ်အတိုက်(က)တန်း၊ အမျိုးသမီး ပန်ကြပ်ဆီလပ် အတိုက်ပြိုင်ပွဲများကိုလည်းကောင်း အသီးသီးယှဉ်ပြိုင်ကြသည်။

 တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) ပိုက်ကျော်ခြင်းပြိုင်ပွဲကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝင်းအတွင်းရှိ စံပယ်အားကစားရုံ၌ အလွတ်တန်း (၂)ယောက်တွဲ ရှုံးထွက်ပွဲစဉ်များ၊ အကြိုဗိုလ်လုပွဲ၊  တတိယလုပွဲနှင့်   ဗိုလ်လုပွဲ ပွဲစဉ်များ၊  အသက်(၂၅)နှစ်အောက် သုံးယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲများကိုလည်းကောင်း၊  (၅၆)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း  လက်ဝှေ့ပြိုင်ပွဲကို  နေပြည်တော်ရှိ  စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၊ တပ်နယ်အားကစားခန်းမ၌ ကီလိုတန်းအလိုက် အကြိုဗိုလ်လုပွဲ ပွဲစဉ်များနှင့် အလွတ်တန်းပွဲစဉ်များကို အသီးသီး ယှဉ်ပြိုင်ကစားကြသည်။

ထို့အတူ ၂၀၂၆ ခုနှစ်  (၆၃)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား အလွတ်တန်းအဆင့် ဘောလုံးပြိုင်ပွဲကို ညနေပိုင်းတွင် ဒုတိယအဆင့် အုပ်စုပတ်လည်ပွဲစဉ်အဖြစ် ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(လေ) ကိုယ်စားပြုအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းက ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ) ကိုယ်စားပြုအသင်းအား လေးဂိုး - ဂိုးမရှိဖြင့်လည်းကောင်း၊ ဇေယျာသီရိ အမှတ်(၁)လေ့ကျင့်ရေးကွင်း၌ နေပြည်တော်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းနှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ နေပြည်တော်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြုအသင်းက တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းကို နှစ်ဂိုး- ဂိုးမရှိဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့သည်။

အဆိုပါအားကစားပြိုင်ပွဲများသို့ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြ ကြောင်း သိရသည်။                             

သတင်းစဉ်