နေပြည်တော် စက်တင်ဘာ ၂၂
အားကစားရေးရာဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာနက ကြီးမှူးပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ “၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် U-19(အမျိုးသမီး) ဘောလုံးပြိုင်ပွဲ”ကို ယနေ့မွန်းလွဲပိုင်းတွင် ကရင်ပြည်နယ် ဘားအံမြို့ရှိ ဇွဲကပင်အားကစားကွင်း၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ရှိ အားကစားဥယျာဉ်ကွင်း၊ ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်းနှင့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ ကိုးသိန်းအားကစားကွင်းတို့၌ ဇုန်လေးဇုန်ခွဲ၍ ကျင်းပသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ် U-19 (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုများကို သက်ဆိုင်ရာ ဇုန်များအလိုက် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲကျင်းပရေးအဖွဲ့မှ တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ တစ်ခဲနက်လာရောက်ကြည့်ရှု အားပေးသည်။
ယနေ့ “၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် U-19 (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ” အုပ်စုပတ်လည် နောက်ဆုံးအဆင့်ပွဲစဉ်များအဖြစ် ကရင်ပြည်နယ် ဘားအံမြို့ရှိ ဇွဲကပင် အားကစားကွင်း၌ ကယားပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မန္တလေးတိုင်းဒေသကြီးအသင်းက ကယားပြည်နယ်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ရှိ အားကစားဥယျာဉ်ကွင်း၌ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းနှင့် ရခိုင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းက ရခိုင်ပြည်နယ်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် လည်းကောင်း၊ ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း၌ စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ကချင်ပြည်နယ်အသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို ခြောက်ဂိုး-နှစ်ဂိုးဖြင့် လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ ကိုးသိန်း အားကစားကွင်း၌ မွန်ပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက်တစ်ဂိုးစီ သရေရလဒ် ဖြင့်လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။
၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၃ ရက် မွန်းလွဲ ၃ နာရီမှစတင်၍ “၂၀၂၆ ခုနှစ် တိုင်းဒေသကြီး နှင့်ပြည်နယ် U-19 (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ” အုပ်စုပတ်လည်နောက်ဆုံးအဆင့် ပွဲစဉ်များအဖြစ် ဘားအံမြို့ရှိ ဇွဲကပင် အားကစားကွင်း၌ အိမ်ရှင် ကရင်ပြည်နယ်အသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်း၊ ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း၌ အိမ်ရှင် ရှမ်းပြည်နယ်အသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့ ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်၍ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို “အခမဲ့” လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။
သတင်းစဉ်


