ရန်ကုန် စက်တင်ဘာ ၂၈
မြန်မာ့ဘောလုံးအားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရေး၊ မျိုးဆက်သစ် အမျိုးသမီးဘောလုံး အားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များ၏ အားကစားအဆင့်အတန်း ပိုမိုဖွံ့ဖြိုး တိုးတက်မြင့်မားလာစေရေးတို့အတွက် ရည်ရွယ်၍ အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနက ကြီးမှူး၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် “၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် U-19(အမျိုးသမီး)ဘောလုံးပြိုင်ပွဲ”ကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် ပဒေသာအားကစားကွင်းနှင့် စမ်းချောင်းမြို့နယ် ပဒုမ္မာကွင်းတို့၌ ခွဲ၍ ကျင်းပသည်။
တိုင်းဒေသကြီးနှင့်ပြည်နယ် U-19(အမျိုးသမီး) ဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုများကို သက်ဆိုင်ရာ အားကစားကွင်းများ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အကြီးအကဲများနှင့် ပြိုင်ပွဲကျင်းပရေးအဖွဲ့မှ တာဝန်ရှိသူများ၊ အားကစားဝါသနာရှင် မိဘပြည်သူများ တစ်ခဲနက် လာရောက်ကြည့်ရှုအားပေးကြသည်။
ယနေ့ “၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် U-19(အမျိုးသမီး)ဘောလုံးပြိုင်ပွဲ” အကြိုဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် တောင်ဥက္ကလာပမြို့နယ် ပဒေသာအားကစားကွင်း၌ ကရင်ပြည်နယ်အသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ကရင်ပြည်နယ်အသင်းက နှစ်ဂိုး-ဂိုးမရှိဖြင့်လည်းကောင်း၊ စမ်းချောင်းမြို့နယ် ပဒုမ္မာကွင်း၌ ရှမ်းပြည်နယ်အသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဒုတိယပိုင်းပြီးဆုံး ချိန်အထိ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ဖြစ်နေ၍ အချိန်ပိုကစားခဲ့ရာ နှစ်သင်းစလုံး အနိုင်ဂိုးရရှိအောင် ထပ်မံသွင်းယူနိုင်ခြင်း မရှိသည့်အတွက် ပင်နယ်တီဂိုးရလဒ်အဆုံးအဖြတ်အရ ဧရာဝတီတိုင်းဒေသကြီးအသင်းက ခြောက်ဂိုး-ငါးဂိုးဖြင့် လည်းကောင်း အကြိတ်အနယ်ယှဉ်ပြိုင်အနိုင်ရရှိသည်။
၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၉ ရက်တွင် ပြိုင်ပွဲတစ်ရက်နားမည်ဖြစ်ပြီး စက်တင်ဘာ ၃၀ ရက် မွန်းလွဲ ၃ နာရီမှစတင်၍ သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ YTC လေ့ကျင့်ရေးကွင်း(၁)ရှိ (စက်ဘီး ကွင်း)၌ တိုင်းဒေသကြီးနှင့်ပြည်နယ် U-19(အမျိုး သမီး) ဘောလုံးပြိုင်ပွဲ တတိယလုပွဲ ပွဲစဉ်အဖြစ် ရှမ်းပြည်နယ်အသင်းနှင့် မွန်ပြည်နယ်အသင်း၊ မွန်းလွဲ ၄ နာရီတွင် သုဝဏ္ဏဘောလုံးကွင်း၌ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် ကရင်ပြည်နယ်အသင်းတို့ ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်၍ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို “အခမဲ့” လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်းနှင့် အဆိုပါဗိုလ်လုပွဲ ပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ရုပ်သံလိုင်းများဖြစ်သည့် MRTV Sports Channel နှင့် MRTV Entertainment တို့တွင် တိုက်ရိုက်(Live) ရိုက်ကူးထုတ်လွှင့်သွားမည်ဖြစ်ကြာင်း သိရသည်။
သတင်းစဉ်


