ရန်ကုန် စက်တင်ဘာ ၁၆
မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် မြန်မာ့အားကစားအဆင့်အတန်း ပိုမိုတိုးတက်လာစေရန် ရည်ရွယ်၍ အားကစားရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံ ပန်ကြပ်ဆီလတ်အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ပန်ကြပ်ဆီလတ်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသား အားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ ကျင်းပသည်။
ယနေ့ပြိုင်ပွဲ ဆီမီးဖိုင်နယ်နှင့် ဖိုင်နယ်ပွဲစဉ်များအဖြစ် အမျိုးသား/အမျိုးသမီးအပြပြိုင်ပွဲပွဲစဉ်များကိုလည်းကောင်း၊ အမျိုးသားအတိုက်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (၄၅-၅၀၊ ၅၀-၅၅၊ ၅၅-၆၀၊ ၆၀-၆၅ ၊ ၆၅-၇၀)ကီလိုတန်းပြိုင်ပွဲများကို လည်းကောင်း၊ အမျိုးသမီးအတိုက်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (၄၀-၄၅၊ ၄၅-၅၀၊ ၅၀-၅၅၊ ၅၅-၆၀၊ ၆၀-၆၅) ကီလိုတန်း ပြိုင်ပွဲများကို ယှဉ်ပြိုင်ခဲ့သည်။ အမျိုးသားအပြပြိုင်ပွဲပွဲစဉ်များအဖြစ် စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ ခန့်ဇော်ဟိန်း (အပြာ)က တနင်္သာရီတိုင်းဒေသကြီးအသင်းမှ ထူးဝေယံဦး (အနီ) ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ လရောင်လင်း (အနီ)က မန္တလေးတိုင်းဒေသကြီးအသင်းမှ ကျော်စောရှင်(အပြာ)ကို လည်းကောင်း၊ ကချင်ပြည်နယ်အသင်းမှ ကျော်ဆန်းလင်း (အနီ)က ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းမှ မောင်ဗန်(အပြာ)ကို လည်းကောင်း၊ အမျိုးသမီးအပြပြိုင်ပွဲ ပွဲစဉ်များအဖြစ် မန္တလေးတိုင်းဒေသကြီးအသင်းမှ ကောင်းကင်ချို(အပြာ)က ကယားပြည်နယ်အသင်းမှ မေမြတ်သွယ်(အနီ)ကိုလည်းကောင်း၊ မွန်ပြည်နယ်အသင်းမှ ဝါဝါဌေး(အနီ)က ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ခင်သော်တာဆန်း(အပြာ)ကို လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းမှ ဆွေဇင်စု (အနီ)က စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ သဲဘရဏီစိုး(အပြာ)ကိုလည်းကောင်း၊ ရှမ်းပြည်နယ်အသင်းမှ မေသက်မှူး (အပြာ)က ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းမှ မူရွှေကြာအေး(အနီ)ကို လည်းကောင်း၊ မကွေးတိုင်းဒေသကြီးအသင်းမှ ဝင်းဝင်းခိုင်(အနီ)က ကရင်ပြည်နယ်အသင်းမှ ဂျူးခန့်ငြားခင် (အပြာ)ကိုလည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။
ဆက်လက်၍ အမျိုးသားအပြ သုံးယောက်တွဲပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဧရာဝတီတိုင်းဒေသကြီးအသင်းမှ ဇွဲထက်အောင်၊ ဇေယျာလင်းနှင့် ထိန်လင်းတို့အတွဲ(အပြာ)က ရန်ကုန်တိုင်းဒေသကြီးအသင်းမှ စွမ်းပြည့်ဦး၊ ကျော်မင်းခန့်နှင့် ဖြိုးမင်းထွေးတို့အတွဲ (အနီ) ကိုလည်းကောင်း၊ အမျိုးသမီး အတိုက်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (၄၅-၅၀)ကီလိုတန်းပြိုင်ပွဲတွင် ရှမ်းပြည်နယ်အသင်းမှ ခင်နှင်းဖြူ(အနီ)က ကရင်ပြည်နယ်အသင်းမှ အေးအေးနွယ်(အပြာ)ကိုလည်းကောင်း၊ (၅၅-၆၀)ကီလိုတန်းပြိုင်ပွဲတွင် ကချင်ပြည်နယ်အသင်းမှ သီတာအောင်(အနီ)က ကရင်ပြည်နယ်အသင်းမှ နန်းသဉ္ဇာမိုး (အပြာ)ကို လည်းကောင်း၊ (၆၀-၆၅)ကီလိုတန်းပြိုင်ပွဲတွင် ရှမ်းပြည်နယ်အသင်းမှ ဇိုးဝါးနာ(အပြာ)က ရခိုင်ပြည်နယ်အသင်းမှ သီရီမြတ်နွယ်(အနီ)ကိုလည်းကောင်း၊ (၅၀-၅၅) ကီလိုတန်းပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ နှင်းဦးလှိုင်(အပြာ)က မွန်ပြည်နယ်အသင်းမှ သွင်ဇွန်ဝင်း (အနီ) ကိုလည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။
အလားတူ အမျိုးသားအတိုက်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (၄၅-၅၀)ကီလိုတန်းပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ ဟိန်းသူရလင်း(အပြာ)က တနင်္သာရီတိုင်းဒေသကြီးအသင်းမှ ဖြိုးဝေအောင်(အနီ) ကိုလည်းကောင်း၊ (၆၀-၆၅) ကီလိုတန်းပြိုင်ပွဲတွင် ကရင်ပြည်နယ်အသင်းမှ သိန်းဇော်ဦး(အနီ)က ပဲခူးတိုင်းဒေသကြီးအသင်းမှ ပြည့်ဖြိုးဦး(အပြာ) ကိုလည်းကောင်း၊ (၆၅-၇၀) ကီလိုတန်းပြိုင်ပွဲတွင် ရှမ်းပြည်နယ်အသင်းမှ နေထူးပိုင်(အပြာ)က စစ်ကိုင်းတိုင်းဒေသကြီး အသင်းမှ ဟိန်းထွဋ်အောင်(အနီ) ကိုလည်းကောင်း၊ (၅၀-၅၅)ကီလိုတန်းပြိုင်ပွဲတွင် ကယားပြည်နယ်အသင်းမှ နေလင်းအောင် (အပြာ)က ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ရန်ကိုကျော်(အနီ) ကိုလည်းကောင်း၊ (၅၅-၆၀)ကီလို တန်း အတိုက်ပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအသင်းမှ မင်းခန့်ထူး(အပြာ)က ရခိုင်ပြည်နယ်အသင်းမှ ငြိမ်းချမ်းအောင်(အနီ)ကိုလည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။
၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၇ ရက် နံနက် ၉ နာရီမှစတင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်ပန်ကြပ်ဆီလတ်ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် အမျိုးသား/အမျိုးသမီးအပြပြိုင်ပွဲများနှင့် အမျိုးသား/အမျိုးသမီး အတိုက်ပြိုင်ပွဲများကို ဆက်လက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲကို ကျင်းပသွားမည်ဖြစ်၍ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို “အခမဲ့” လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။
သတင်းစဉ်


