၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် လက်ဝှေ့ပြိုင်ပွဲ အမျိုးသား/အမျိုးသမီးဝိတ်တန်းအလိုက် ဗိုလ်လုပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော်  အောက်တိုဘာ  ၂၂

လက်ဝှေ့အားကစားအဆင့်အတန်း ပိုမိုဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရေးနှင့် မျိုးဆက်သစ် လက်ဝှေ့အားကစားသမားများ ပေါ်ထွက်လာစေရေးတို့အတွက် ရည်ရွယ်၍ အားကစားရေးရာဝန်ကြီးဌာနမှ  ကြီးမှူးပြီး အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ်နှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း၍ “၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် လက်ဝှေ့ပြိုင်ပွဲ” အကြိုဗိုလ်လုပွဲ ပွဲစဉ်များကို ယနေ့မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ အားကစားဥယျာဉ်ရှိ မိုးလုံလေလုံအားကစားရုံ၌ ကျင်းပသည်။

ယနေ့ တိုင်းဒေသကြီးနှင့် ပြည်နယ်လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် အမျိုးသား(၅၁၊ ၅၇၊ ၆၇၊ ၇၁၊ ၇၅) ကီလိုတန်း ပြိုင်ပွဲများနှင့် အမျိုးသမီး (၅၂၊ ၅၄၊ ၅၇၊ ၆၀) ကီလိုတန်းပြိုင်ပွဲများကို ယှဉ်ပြိုင်ခဲ့ကြသည်။

အမျိုးသားပြိုင်ပွဲ  ဗိုလ်လုပွဲ ပွဲစဉ်များဖြစ်သည့် (၅၁)ကီလိုတန်းပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအသင်းမှ ထက်မြတ်လွင်(အပြာ)က မကွေးတိုင်းဒေသကြီးအသင်းမှ ထက်နိုင်အောင်(အနီ)ကို   လည်းကောင်း၊ (၅၇)ကီလိုတန်း  ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ဇဖဲတန်(အပြာ)က  မွန်ပြည်နယ်အသင်းမှ ရဲဇော်(အနီ)ကို လည်းကောင်း၊ (၆၇)ကီလိုတန်းပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီးအသင်းမှ ဇင်မင်းကို(အနီ)က မန္တလေးတိုင်းဒေသကြီးအသင်းမှ အောင်မြင့်ထွန်း (အပြာ)ကိုလည်းကောင်း၊ (၇၁)ကီလိုတန်းပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီးအသင်းမှ စည်သူထက် (အနီ)က   ရန်ကုန်တိုင်းဒေသကြီးအသင်းမှ စချစ်လင်းဇော်(အပြာ)ကို လည်းကောင်း၊ (၇၅)ကီလိုတန်းပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီးအသင်းမှ စောဒဲနစ်ဗစ်တာဝါး(အနီ)က မန္တလေးတိုင်းဒေသကြီးအသင်းမှ ရဲလွင်ထွန်း(အပြာ)ကိုလည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

အလားတူ အမျိုးသမီး ဗိုလ်လုပွဲ ပွဲစဉ်များဖြစ်သည့် (၅၂)ကီလိုတန်း ပြိုင်ပွဲတွင်   မန္တလေးတိုင်းဒေသကြီးအသင်းမှ  ဌေးဌေးဇော်(အနီ)က ဧရာဝတီတိုင်းဒေသကြီးအသင်းမှ နော်ဗစ်တိုရီ(အပြာ)ကိုလည်းကောင်း၊ (၅၄)ကီလိုတန်း ပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအသင်းမှ ညောင်ရှမ်းဟွဲ့(အပြာ)က ကရင်ပြည်နယ်အသင်းမှ နန်းခင်နှင်းထက်(အနီ)ကို လည်းကောင်း၊ (၅၇)ကီလိုတန်းပြိုင်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီးအသင်းမှ မာလာစိုး(အပြာ)က ကရင်ပြည်နယ်အသင်းမှ နန်းနွဲ့နွဲ့နှောင်း(အနီ)ကို လည်းကောင်း၊ (၆၀)ကီလိုတန်းပြိုင်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီးအသင်းမှ သော်တာဦး(အနီ)က ရှမ်းပြည်နယ်အသင်းမှ မူနှင်းအေး(အပြာ)ကိုလည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၃ ရက် မွန်းလွဲ ၂ နာရီမှ စတင်၍  ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ အားကစားဥယျာဉ်ရှိ မိုးလုံလေလုံအားကစား ရုံ၌ “၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်  ပြည်နယ်လက်ဝှေ့ပြိုင်ပွဲ” အမျိုးသား/အမျိုးသမီး ဝိတ်တန်း အလိုက် ဗိုလ်လုပွဲ ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်၍ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို “အခမဲ့” လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။

သတင်းစဉ်