နေပြည်တော် စက်တင်ဘာ ၉
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးကို အထောက်အကူဖြစ်စေရေး၊ အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရေး၊ လူငယ်မျိုးဆက်သစ် ဂျူဒိုအားကစားသမားများ ပေါ်ထွက်လာစေရေး၊ အရည်အသွေးမြင့် လက်ရွေးစင်အားကစားသမားများ ရွေးချယ်မွေးထုတ်ပေးနိုင်စေရေးနှင့် မြန်မာ့ဂျူဒိုအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးတို့အတွက် ရည်ရွယ်၍ အားကစားရေးရာဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ဂျူဒိုပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ အားကစားရုံ(C)၌ ကျင်းပသည်။
ဖွင့်ပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ ဦးသန်းမောင်နှင့် ဦးမောင်မြင့်၊ မြန်မာနိုင်ငံအိုလံပစ် ကော်မတီဒုတိယဥက္ကဋ္ဌ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီ၊ မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးထွန်းထွန်းနှင့် တာဝန်ရှိသူများ၊ အထူးဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပြိုင်ပွဲဝင်အသင်းများမှ အသင်းအုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းက အမှာစကားပြောကြားပြီး ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒိုပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။
အစီအစဉ်အရ ပြိုင်ပွဲဝင်အားကစားသမားများ အားကစားသစ္စာအဓိဋ္ဌာန်(၄)ချက် ရွတ်ဆိုပြီး မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်၍ အမှတ်တရလက်ဆောင်များပေးအပ်ကာ ပြိုင်ပွဲတွင် ပါဝင်ကူညီအားဖြည့်ပေးခဲ့သည့် ဇမ္ဗူသီရိမြို့နယ် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းမှ ဘင်ခရာအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေကျပ် သုံးသိန်းပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ဂျူဒိုအမျိုးသား (-၃၈)ကီလိုတန်း ပြိုင်ပွဲရှုံးထွက်ပွဲစဉ်များအဖြစ် ဇင်ညီညီ(ပဲခူး)နှင့် သန်းထက်ဦး (နေပြည်တော်) အသင်းတို့၏ ယှဉ်ပြိုင်နေမှုများကိုလည်းကောင်း၊ ဂျူဒိုအမျိုးသမီး (-၄၈)ကီလိုတန်းပြိုင်ပွဲ ရှုံးထွက်ပွဲစဉ်များအဖြစ် ခင်ပိုးပိုးအောင်(မန္တလေး)နှင့် နန်းဖြူသဇင်ဦး (ဧရာဝတီ) တို့၏ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးကြသည်။
၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒို(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲကို စက်တင်ဘာ ၈ ရက်မှ ၁၁ ရက်အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ပြိုင်ပွဲကာလ လေးရက်ကြာ ကျင်းပလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်အမျိုးသားအသင်း ၁၅ သင်း၊ အမျိုးသမီးအသင်း ၁၄ သင်းစုစုပေါင်း ၂၃၈ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


