၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အလေးမပြိုင်ပွဲ စတင်ကျင်းပ

နေပြည်တော်     အောက်တိုဘာ     ၂၉

အလေးမအားကစားအဆင့်အတန်း ပိုမိုဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရေးနှင့် မျိုးဆက်သစ် အလေးမအားကစားသမားများ ပေါ်ထွက်လာစေရေးတို့အတွက် ရည်ရွယ်၍ အားကစားရေးရာဝန်ကြီးဌာနက ကြီးမှူးပြီး အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ အလေးမအဖွဲ့ချုပ်တို့ ပူးပေါင်း၍ “၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အလေးမပြိုင်ပွဲ” ကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း အလေးမလေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပသည်။

ယနေ့ပြိုင်ပွဲ   ပွဲစဉ်များအဖြစ်    အမျိုးသား/အမျိုးသမီး   ဝိတ်တန်းအလိုက်  အမြန်မပြိုင်ပွဲနှင့် နှစ်ဆင့်မပြိုင်ပွဲများကို ယှဉ်ပြိုင်ခဲ့သည်။

အမျိုးသမီး (၄၉)ကီလိုတန်းပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအသင်းမှ နော်အယ်ကညောဂျော့က အမြန်မစံချိန်  ၆၇  ကီလို၊  နှစ်ဆင့်မစံချိန်  ၉၀  ကီလိုနှင့် စုစုပေါင်းစံချိန် ၁၅၇ ကီလိုဖြင့် ပထမ၊ မကွေးတိုင်းဒေသကြီးအသင်းမှ ဇင်ငြိမ်းအေးက အမြန်မစံချိန် ၅၀ ကီလို၊  နှစ်ဆင့်မ စံချိန် ၇၀ ကီလိုနှင့် စုစုပေါင်းစံချိန် ၁၂၀ ကီလိုဖြင့် ဒုတိယ၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ ပိစံက အမြန်မစံချိန် ၄၄ ကီလို၊  နှစ်ဆင့်မစံချိန်  ၅၈  ကီလိုနှင့်  စုစုပေါင်းစံချိန်  ၁၀၂ ကီလိုဖြင့် တတိယရရှိခဲ့သည်။

စံချိန်သစ်များတင်နိုင်

အမျိုးသမီး(၄၉)  ကီလိုတန်းပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအသင်းမှ  နော်အယ်ကညောဂျော့သည် မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်မှ သတ်မှတ်ထားသည့် ပြည်နယ်နှင့်တိုင်းဒေသကြီး   အမြန်မပြိုင်ပွဲ၏  စံချိန် ၆၆ ကီလိုထက်ကျော်လွန်၍    ၆၇   ကီလိုဖြင့်လည်းကောင်း၊ နှစ်ဆင့်မပြိုင်ပွဲ၏  စံချိန် ၈၆ ကီလိုထက်ကျော်လွန်၍ ၉၀ ကီလိုဖြင့်လည်းကောင်း၊ အမြန်မနှင့်  နှစ်ဆင့်မ  စုစုပေါင်း ပြိုင်ပွဲတွင် စံချိန် ၁၅၀ ကီလိုထက်ကျော်လွန်၍ ၁၅၇ ကီလိုဖြင့်လည်းကောင်း ပြည်နယ်နှင့် တိုင်းဒေသကြီး၏ စံချိန်သစ်များ တင်နိုင်ခဲ့သည်။

ဆက်လက်၍ အမျိုးသား(၆၀)ကီလိုတန်း အုပ်စုအဆင့် ပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအသင်းမှ စဇင်ဖြိုးအောင်က  အမြန်မစံချိန်  ၇၀  ကီလို၊  နှစ်ဆင့်မစံချိန်  ၈၀ ကီလို စုစုပေါင်းစံချိန် ၁၅၀ ကီလို ဖြင့် အဆင့်(၁)ကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းမှ  ဝဿန်မိုးက  အမြန်မစံချိန်  ၆၀  ကီလို၊   နှစ်ဆင့်မစံချိန်  ၇၀  ကီလို စုစုပေါင်းစံချိန် ၁၃၀ ကီလိုဖြင့် အဆင့်(၂)ကိုလည်းကောင်း၊ ကရင်ပြည်နယ် အသင်း မှ အောင်ပိုင်ဖြိုးက အမြန်မစံချိန် ၅၅ ကီလို၊  နှစ်ဆင့်မစံချိန် ၆၀ ကီလို  စုစုပေါင်းစံချိန် ၁၁၅ ကီလိုဖြင့်  အဆင့်(၃)ကို လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းမှ ထူးထက်ဇော်က အမြန်မစံချိန် ၅၀ ကီလို၊  နှစ်ဆင့်မစံချိန် ၅၀ ကီလို စုစုပေါင်း စံချိန် ၁၀၀ ကီလိုဖြင့် အဆင့်(၄)တို့ကိုလည်းကောင်း ရရှိခဲ့သည်။

၂၀၂၆ ခုနှစ် အောက်တိုဘာ ၃၀ ရက်နံနက် ၁၀ နာရီမှစတင်၍ တိုင်းဒေသကြီးနှင့်ပြည်နယ်  အလေးမပြိုင်ပွဲ (အမျိုးသား/အမျိုးသမီး)ကီလိုတန်းအလိုက် အမြန်မပြိုင်ပွဲနှင့် နှစ်ဆင့်မပြိုင်ပွဲများကို ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်၍ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို “အခမဲ့” လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။

သတင်းစဉ်