ဟိုပုံး ဩဂုတ် ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် ၂၀၂၆ ခုနှစ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌဖလား အလွတ်တန်း(ဖိတ်ခေါ်) အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မြို့မအားကစားကွင်း၌ ကျင်းပသည်။
ဗိုလ်လုပွဲစဉ်တွင် ထမ်းဘုရားပေါက် အမျိုးသားဘောလုံးအသင်းနှင့် အနောက်ရပ် အမျိုးသားဘောလုံးအသင်းတို့ ယှဉ်ပြိုင်နေမှုကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီနှင့် အဖွဲ့ဝင်များ၊ ဒေသအဆင့်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဘောလုံးဝါသနာရှင်များက ကြည့်ရှုအားပေးရာ ထမ်းဘုရားပေါက် အမျိုးသားဘောလုံးအသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။
ယင်းနောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ကျင်းပရာ လုံခြုံရေး၊ ကျန်းမာရေး ကူညီဆောင်ရွက်သူများနှင့် ဒိုင်အဖွဲ့များအား ဂုဏ်ပြုငွေများပေးအပ်ပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင် ဦးခွန်ဝင်းနောင်က ဒုတိယဆုရရှိသော အနောက်ရပ် အမျိုးသားဘောလုံးအသင်းကို တစ်ဦးချင်း ဆုတံဆိပ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဘုန်းကြွယ်ဟန်က ငွေသားဆု ကျပ် ၁၅ သိန်းနှင့် ဆုဖလားကိုလည်းကောင်း၊ ဂိုးသမားအကောင်းဆုံးဆု၊ နောက်တန်း အကောင်းဆုံးဆု၊ အလယ်တန်းအကောင်းဆုံးဆု၊ ရှေ့တန်းအကောင်းဆုံးဆု၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုများကို လွှတ်တော်ကိုယ်စားလှယ်များကလည်းကောင်း ဆုများပေးအပ်ကြသည်။
ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ အဖွဲ့ဝင် ဦးခွန်ညိုမောင်က ပထမဆုရရှိသော ထမ်းဘုရားပေါက် အမျိုးသားဘောလုံးအသင်းအား တစ်ဦးချင်းဆုတံဆိပ်ကိုလည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်က ငွေသားဆုငွေကျပ် သိန်း ၂၀ နှင့် တံခွန်စိုက်ဒိုင်းဆုကိုလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)


