၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၇ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ဆောင်းရာသီကာလ ယေဘုယျ မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်

ဘင်္ဂလားပင်လယ်အော်အခြေအနေ

၁။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း (၇) ကြိမ် ဖြစ်ပေါ်နိုင်ပြီး (၄) ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပါသည်။

 

မိုးအခြေအနေ

၂။ မိုးရွာသွန်းမှုအခြေအနေမှာ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ရွာသွန်းမြဲအောက်လျော့နည်းနိုင်ကာ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။

 

နေ့အပူချိန်

၃။ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ဆောင်းရာသီကာလ ပျမ်းမျှအပူချိန်၏ ၁.၅ ဒီဂရီဆဲလ်စီးယပ်နှင့် အထက်ပိုနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဆောင်းရာသီကာလ ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်ပါသည်။

 

ညအပူချိန်

၄။ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ဆောင်းရာသီကာလ ပျမ်းမျှအပူချိန်၏ ၁.၅ ဒီဂရီဆဲလ်စီးယပ်နှင့် အထက်ပိုနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဆောင်းရာသီကာလ ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်ပါသည်။

 

မြူအခြေအနေ

၅။ ဆောင်းရာသီကာလအတွင်း ဒေသအလိုက် မြူထူဆိုင်းလေ့ရှိပြီး ကမ်းရိုးတန်းဒေသများ၊ ကုန်းမြင့်နှင့် တောင်တန်းဒေသများတို့တွင် ပိုမိုထူထပ်စွာ မြူထူဆိုင်းတတ်ပါသည်။

 

(မြူအခြေအနေခန့်မှန်းချက်များကို လပတ်ခန့်မှန်းချက်များတွင် လအလိုက် ထပ်မံထုတ်ပြန်ပေးသွားမည် ဖြစ်ပါသည်။)

 

မြစ်ရေအခြေအနေ

၆။ ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့နှင့် မြင်းမူမြို့တို့တွင် ၅ ပေမှ ၇ ပေခွဲခန့်၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ၁၂ ပေမှ ၁၅ ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပါသည်။

 

၇။ ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့တို့တွင် ၅ ပေမှ ၈ ပေခန့်၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ၉ ပေမှ ၁၁ ပေခန့် လက်ရှိ ရေမှတ်များအောက် ကျဆင်းလာနိုင်ပါသည်။

 

၈။ ဒုဋ္ဌဝတီမြစ်ရေသည် သီပေါမြို့တွင် ၁ ပေခွဲခန့်၊ ရွှေစာရံနှင့် မြစ်ငယ်မြို့တို့တွင် ၈ ပေမှ ၉ ပေ ခန့်၊ မြစ်သာမြစ်ရေသည် ကလေးမြို့တွင် ၆ ပေခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ၇ ပေခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့တို့တွင် ၆ ပေမှ ၉ ပေခန့်၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် ၄ ပေခွဲခန့်၊ ပဲခူးမြစ်ရေသည် ဇောင်းတူမြို့နှင့် ပဲခူးမြို့တို့တွင် ၃ ပေခွဲမှ ၄ ပေခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် ၈ ပေခန့်၊ သာပေါင်းမြို့နှင့် ပုသိမ်မြို့တို့တွင် ၂ ပေခွဲမှ ၃ ပေခွဲ ခန့်၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် ၄ ပေခွဲခန့်၊ ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် ၃ ပေခွဲခန့်နှင့် သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် ၄ ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပါသည်။

 

Crd> မိုး/ဇလ