တိုကျို စက်တင်ဘာ ၂၀
ဂျပန်နိုင်ငံ နာဂိုယာမြို့တွင် ၂၀၂၆ ခုနှစ် အာရှအားကစားပြိုင်ပွဲ (Asian Games) ကို ယမန်နေ့က စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို Mizuho Park အားကစားကွင်း၌ ကျင်းပပြုလုပ်ပြီး နိုင်ငံနှင့် ဒေသပေါင်း ၄၅ ခုမှ အားကစားသမားများ ပါဝင်ဆင်နွှဲလျက်ရှိသည်။
ဂျပန်အသင်းမှ အားကစားသမား ၂၈၀ ကျော်သည် အခမ်းအနားအတွက် ကွင်းအတွင်းသို့ နိုင်ငံကိုယ်စားပြု နောက်ဆုံးအဖွဲ့အဖြစ် ချီတက်ဝင်ရောက်လာခဲ့ကြသည်။ ၎င်းတို့ကို ပဲရစ်အိုလံပစ်ပြိုင်ပွဲတွင် အမျိုးသမီး နပန်းအားကစားနည်း၌ ရွှေတံဆိပ်ဆွတ်ခူးရရှိခဲ့သူ ဖူဂျီနာမီ အာကာရီနှင့် ဘီအမ်အိတ်စ် စက်ဘီးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နာကာ မူရာရီမူတို့က ဦးဆောင်ခေါ်ဆောင်လာခဲ့သည်။ ဂျပန်နိုင်ငံသည် အဆိုပါပြိုင်ပွဲအတွက် အားကစားသမား ၉၀၀ ပါဝင် သည့် ၎င်းတို့၏သမိုင်းတစ်လျှောက် အကြီးမားဆုံး ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်ထားခြင်း ဖြစ်သည်။
ဂျပန်ဧကရာဇ် နာရူဟီတိုက အာရှအားကစားပြိုင်ပွဲ တရားဝင်ဖွင့်လှစ်ကြောင်း ကြေညာခဲ့သည်။
အမျိုးသား သံလုံးပစ် (hammer throw) အားကစားနည်းတွင် အိုလံပစ်ရွှေတံဆိပ်ဆွတ်ခူးခဲ့ဖူးသူ မူရိုဖူရှီကိုဂျီနှင့် ၎င်း၏ဖခင်တို့က ပြိုင်ပွဲမီးရှူးတိုင်ကို မီးထွန်းညှိပေးခဲ့သည်။ အားကစားသမား ၁၀၀၀ ခန့်က မီးရှူးတိုင်ကို သယ်ဆောင်လှည့်လည်ခဲ့သည်။
ပြိုင်ပွဲတွင် အားကစားနည်းပေါင်း ၄၃ မျိုး ပါဝင်ပြီး ၎င်းတို့အနက် ၂၀၂၈ ခုနှစ် လော့စ်အိန်ဂျလိစ် အိုလံပစ်ပြိုင်ပွဲအတွက် ခြေစစ်ပွဲအဆင့်များ ပါဝင်သည့် ရေလှိုင်းစီးခြင်းနှင့် ဟော်ကီကစားနည်းတို့လည်း ပါဝင်သည်။ ထို့ပြင် ပိုက်ကျော်ခြင်းနှင့် E-sports ကဲ့သို့သော အိုလံပစ်ပြိုင်ပွဲတွင် မပါဝင်သေးသည့် အားကစားနည်းများကိုလည်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
၁၆ ရက်ကြာမြင့်မည့် အဆိုပါပြိုင်ပွဲကို အောက်တိုဘာ ၄ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။ ဂျပန်နိုင်ငံသည် ၁၉၉၄ ခုနှစ်က ဟီရိုရှီးမားမြို့၌ ပြိုင်ပွဲကို နောက်ဆုံးအကြိမ် လက်ခံကျင်းပခဲ့ဖူးသည်။
အင်န်အိတ်ချ်ကေ


