၂၀၂၆ ခုနှစ် (၆၁)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပဉ္စမနေ့တွင် ကျောက်မျက်အတွဲ ၇၀ ရောင်းချနိုင်ခဲ့  

နေပြည်တော် အောက်တိုဘာ ၁၂

 

၂၀၂၆ ခုနှစ် (၆၁)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပဉ္စမနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်တွင်း၊ ပြည်ပ ရတနာ ကုန်သည်များဖြင့် အထူးစည်ကားလျက်ရှိသည်။

 

နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များသည် မဏိရတနာ ကျောက်စိမ်းခန်းမ အတွင်း ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများ အလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာ ကြည့်ရှုစစ်ဆေး ကြသည်။

 

ယနေ့ပြပွဲတွင် ကျောက်မျက် အတွဲပေါင်း ၁၆၀ ၏ ဈေးနှုန်း တင်သွင်းလွှာများကို တာဝန်ရှိသူများက စစ်ဆေးကာ ကျောက်မျက် အတွဲပေါင်း ၇၀ ရောင်းချခဲ့ရကြောင်း ကြေညာပေးသည်။

 

ယနေ့မွန်းလွဲပိုင်းတွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီနာယက သယံဇာတနှင့် သဘာ ဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဆန်းဦးသည် ပြပွဲ ကျင်းပ ရာ ကျောက်ခင်းကွင်းနေရာအလိုက် ကျောက်စိမ်းအတွဲများ ခင်းကျင်းပြသထားမှုနှင့် ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များက ကျောက်စိမ်းအတွဲများအတွက် ဈေးနှုန်းပေးသွင်းလွှာများအား တင်ဒါပုံးများ အတွင်း ထည့်သွင်းနေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။

 

ပြပွဲဆဋ္ဌမနေ့တွင် အုပ်စု(အေ) နှင့် အုပ်စု(ဘီ)မှ ကျောက်စိမ်းအတွဲ များအနက် အတွဲအမှတ်(၁)မှ (၅၅၀) အထိကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ရာ အဆိုပါ ကျောက်စိမ်း အတွဲများအတွက် ရောင်းချရသည့် အတွဲများကို အောက်တိုဘာ ၁၃ ရက်တွင် ကြေညာပေးသွားမည် ဖြစ်သည်။

 

ပြပွဲတွင် ကျောက်စိမ်းအတွဲ ပေါင်း ၃၀၇၃ တွဲကို ကျောက်ရည် ကျောက်သွေး ကောင်းမွန်မှု၊ ပြည်တွင်း၊ ပြည်ပ ဈေးကွက်ဝင်မှု စသည့်အခြေအနေများအရ အုပ်စု (အေ၊ ဘီ)နှင့် MSME လုပ်ငန်းရှင် များကို အားပေးမြှင့်တင်ရန် အတွက် အုပ်စု(စီ)ဟူ၍ အုပ်စုသုံးစု ခွဲခြားထားခြင်းဖြစ်ပြီး အုပ်စု(အေ)နှင့်(ဘီ) ကျောက်စိမ်းအတွဲပေါင်း ၁၆၀၅ တွဲကို အောက်တိုဘာ ၁၃ ရက်မှ ၁၅ ရက်အထိ လည်းကောင်း၊ အုပ်စု(စီ) ကျောက်စိမ်းအတွဲပေါင်း ၁၄၆၈ တွဲကို အောက်တိုဘာ ၁၆ ရက်မှ ၁၇ ရက်အထိ လည်းကောင်း ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆက်လက် ရောင်းချပေးသွားမည်ဖြစ်သည်။

 

နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် စီးပွားရေးအကျိုးဖြစ်ထွန်းစေရန်နှင့် ကျောက်မျက်သယံဇာတ များကို ရေရှည်တည်တံ့အောင် စနစ်တကျစီမံခန့်ခွဲနိုင်ရန် ရည်ရွယ်ကျင်းပသည့် ၂၀၂၆ ခုနှစ် (၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို အောက်တိုဘာ ၁၇ ရက်အထိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်