နေပြည်တော် အောက်တိုဘာ ၁၉
ဂျပန်နိုင်ငံ နာဂိုယာမြို့တွင် ကျင်းပလျက်ရှိသည့် (၅)ကြိမ်မြောက် အာရှမသန်စွမ်းသူများ အားကစားပြိုင်ပွဲသို့ မြန်မာမသန်စွမ်း အားကစားအဖွဲ့ခေါင်းဆောင်ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ်ကျော်ကျော်ဦးနှင့်အတူ မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ (လေ့ကျင့်) ဦးဝင်းမြင့်၊ အုပ်ချုပ်သူ/နည်းပြများနှင့် မသန်စွမ်းအားကစားသမား စုစုပေါင်း ၁၅ ဦးတို့သည် ယနေ့ ဒေသစံတော်ချိန် နံနက်ပိုင်းမှစတင်၍ ပြေးခုန်ပစ်၊ ရေကူးနှင့် တိုက်ကွမ်ဒို အားကစားနည်း သုံးနည်းတို့တွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။
မြန်မာမသန်စွမ်း ရေကူးအားကစားအဖွဲ့သည် ယနေ့ ရေကူးအားကစားနည်း အမျိုးသား မီတာ ၅၀ အလွတ်ကူး (Men’s 50 m Freestyle S3)ပြိုင်ပွဲတွင် တောင်ကိုရီးယား၊ ဂျပန်၊ ကာဇက်စတန်၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်နှင့် မြန်မာအသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မြန်မာအသင်းမှ ညီညီလင်းထက်က ၄၄.၅၃ စက္ကန့်ဖြင့် မြန်မာနိုင်ငံအတွက် ပထမဦးဆုံး ကြေးတံဆိပ်ဆုကို ဆွတ်ခူးရယူပေးနိုင်ခဲ့သည်။
မြန်မာမသန်စွမ်းအားကစား အဖွဲ့အနေဖြင့် ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၀ ရက် ဒေသစံတော်ချိန် ၁၉:၃၀ မိနစ်တွင် မသန်စွမ်းရေကူးအားကစားနည်း အမျိုးသား မီတာ ၅၀ ပက်လက်ကူး (Men’s 50 m Breaststroke SB3)ပြိုင်ပွဲတွင် မြန်မာအသင်းမှ ညီညီလင်းထက်ကလည်းကောင်း၊ မသန်စွမ်းပြေးခုန်ပစ် အားကစားနည်း အမျိုးသားအမြင့်ခုန် (Men’s High Jump T45,T64,T47)ပြိုင်ပွဲတွင် မြန်မာအသင်းမှ အောင်မြင့်မြတ်ကလည်းကောင်း အသီးသီးဆက်လက်ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


