၂၀၂၆ ခုနှစ် (၂၇)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲများ အောင်မြင်စွာကျင်းပပြီးစီး

နေပြည်တော် အောက်တိုဘာ ၂၇

 

၂၀၂၆ ခုနှစ် (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ဗဟိုအဆင့်)ပြိုင်ပွဲ သတ္တမနေ့ကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေနေပြည်တော်ရှိ သတ်မှတ်နေရာအသီးသီး၌ စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပသည်။

 

mdn

ယနေ့တွင် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေး တေးသီချင်းအဆိုပြိုင်ပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ ရှိ မြခန်းမ၌ကျင်းပရာ ဝါသနာရှင်အဆင့်(ဒုတိယတန်း) အမျိုးသားပြိုင်ပွဲတွင် ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “လူချွန်လူကောင်း” ကိုအံ့ကြီးသီချင်းဖြင့်လည်းကောင်း၊ ဝါသနာရှင်အဆင့်(ဒုတိယတန်း) အမျိုးသမီးပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက “မြန်မာ့မူမှန်” ကိုတင်အောင်သန်း သီချင်းဖြင့်လည်းကောင်း အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ တိုင်းပြည်ချစ်စိတ်ကို ပေါ်လွင်အောင် ပိုင်နိုင်လှပသော အသံနေအသံထား၊ အသံအနိမ့်အမြင့် စည်းဝါးမှန်ကန်မှု၊ ဟန်ပန်မူရာအပြည့်ဖြင့် တက်ကြွစွာသီဆိုယှဉ်ပြိုင်ကြသည်။

mdn

အကပြိုင်ပွဲကို နေပြည်တော်တည်းခိုရေးစခန်း ဆင်ဖြူရှင်ခန်းမ၌ကျင်းပရာ တိုင်းရင်းသားရိုးရာ/ကျေးလက်ရိုးရာ အလွတ်တန်းပြိုင်ပွဲတွင် ကချင်ပြည်နယ်ကိုယ်စားပြု ဇိုင်ဝါးတိုင်းရင်းသားအကအဖွဲ့၊ ကယားပြည်နယ်ကိုယ်စားပြု ကယားရိုးရာအကအဖွဲ့၊ ကရင်ပြည်နယ်ကိုယ်စားပြု ကရင်ဒုံးအကအဖွဲ့၊ ချင်းပြည်နယ်ကိုယ်စားပြု ချင်းတိုင်းရင်းသားအကအဖွဲ့၊ မွန်ပြည်နယ်ကိုယ်စားပြု ရွှေဟင်္သာယိမ်းအက အဖွဲ့၊ ရခိုင်ပြည်နယ်ကိုယ်စားပြု လှပေါင်းစုံညီ ရခိုင်မြေယိမ်းအကအဖွဲ့၊ ရှမ်းပြည်နယ်ကိုယ်စားပြု တောင်ရိုးတိုင်းရင်းသားအကအဖွဲ့၊ စစ်ကိုင်းတိုင်းဒေသကြီးကိုယ်စားပြု မိုးဇာဗျောအကအဖွဲ့၊ တနင်္သာရီတိုင်း ဒေသကြီးကိုယ်စားပြု ထားဝယ်ရိုးရာရေအိုးရွက်အကအဖွဲ့၊ ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု ရှမ်းရိုးရာအကအဖွဲ့၊ မကွေးတိုင်းဒေသကြီးကိုယ်စားပြု ပျိုတို့ရဂုံဗွေ ကျေးလက်မြေယိမ်းအကအဖွဲ့၊ မန္တလေးတိုင်းဒေသကြီးကိုယ်စားပြု မြန်မာ့အလှကျေးလက်ဘဝယိမ်းအကအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု ကျေးရွာဓလေ့ပျော်မွေ့ဖွယ်ရာ ကျေးလက်ယိမ်းအကအဖွဲ့နှင့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ဖွံ့ဖြိုးဝေစည်ဧရာဝတီ ကျေးလက်ယိမ်းအကအဖွဲ့တို့က တိုင်းရင်းသားရိုးရာနှင့် ကျေးလက်ရိုးရာ ဓလေ့စရိုက်များ ပေါ်လွင်စေမည့် အကအလှများဖြင့် အဖွဲ့လိုက် အချိုးအဆစ် ညီညာပြေပြစ် ရသမြောက်စွာ ကပြယှဉ်ပြိုင်ကြသည်။

mdn

ကွက်စိပ်ပြိုင်ပွဲကို ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနရှိ လေ့ကျင့်ရေးဇာတ်ရုံ၌ ကျင်းပရာ ဝါသနာရှင်အဆင့်(ဒုတိယတန်း) အမျိုးသားပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “သမ္မောဒမာန ဇာတ်” ဖြင့် ဇာတ်တော်၏ အနှစ်သာရနှင့် ဦးတည်ချက်ပေါ်လွင်အောင် ဆို၊ ငို၊ ပြော ပညာရပ်များဖြင့် ပေါင်းစပ်၍ စွမ်းရည်ပြသဟောပြောယှဉ်ပြိုင်ကြသည်။

 

ဆိုင်းတစ်ဦးချင်း အတီးပြိုင်ပွဲကို အမျိုးသားစာကြည့်တိုက်(နေပြည်တော်)ရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပရာ ဝါသနာရှင်အဆင့်(ပထမတန်း) အမျိုးသားပြိုင်ပွဲတွင် ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “သာရကာကျေး”(ပတ်ပျိုး) သီချင်းဖြင့်လည်းကောင်း၊ ဝါသနာရှင်အဆင့်(ပထမတန်း) အမျိုးသမီးပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “တောင် တောင်စွယ်” (ယိုးဒယား)သီချင်းဖြင့် လည်းကောင်း၊ ဝါသနာရှင်အဆင့်(ဒုတိယတန်း) အမျိုးသားပြိုင်ပွဲတွင် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ဟေမဝန်ချာ”(ဘွဲ့)သီချင်းဖြင့်လည်းကောင်း၊ ဝါသနာရှင်အဆင့်(ဒုတိယတန်း) အမျိုးသမီးပြိုင်ပွဲ တွင် မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “စိန်ငွေလျှံ” (ပတ်ပျိုး) သီချင်းဖြင့်လည်းကောင်း ကျွမ်းကျင်ပိုင်နိုင်စွာ ယှဉ်ပြိုင်တီးခတ်ကြသည်။

 

စောင်းအတီးပြိုင်ပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၁ ရှိ နီလာခန်းမ၌ ကျင်းပရာ ဝါသနာရှင်အဆင့်(ပထမတန်း) အမျိုးသားပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “အောင်မြေသာစံ”(ပတ်ပျိုး) သီချင်းဖြင့်လည်းကောင်း၊ ဝါသနာရှင်အဆင့်(ပထမတန်း) အမျိုးသမီးပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက “စုံသာမြိုင်လယ်”(သီချင်းခံ) သီချင်း ဖြင့်လည်းကောင်း၊ ဝါသနာရှင်အဆင့်(ဒုတိယတန်း)အမျိုးသားပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ရွှေနန်းအောင်ချာ” (ကြိုး) သီချင်းဖြင့်လည်းကောင်း၊ ဝါသနာရှင်အဆင့်(ဒုတိယတန်း) အမျိုးသမီးပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ မန္တလေး တိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ညဉ့်သုံးယံခါ”(ပတ်ပျိုး) သီချင်းဖြင့် လည်းကောင်း မြန်မာ့ရိုးရာစောင်းတူရိယာ၏ သိမ်မွေ့နက်နဲသောအသံများကို စည်းနှင့်ဝါးမှန်ကန်စွာဖြင့် သာယာငြိမ့်ညောင်းစွာ တီးခတ်ယှဉ်ပြိုင်ကြသည်။ ပတ္တလားအတီးပြိုင်ပွဲကို အမျိုးသားပြတိုက် (နေပြည်တော်)ရှိ Mini Theatre ၌ ကျင်းပရာ ဝါသနာရှင်အဆင့်(ပထမတန်း) အမျိုးသားပြိုင်ပွဲတွင် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “အောင်မင်္ဂလာ” (ယိုးဒယား) သီချင်းဖြင့်လည်းကောင်း၊ ဝါသနာရှင်အဆင့်(ပထမတန်း) အမျိုးသမီးပြိုင်ပွဲတွင် မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “အောင်မင်္ဂလာ”(ယိုးဒယား) သီချင်းဖြင့်လည်းကောင်း ငြိမ့်ညောင်းသာယာစွာ တီးခတ်ယှဉ်ပြိုင်ကြသည်။

 

ဂီတာအတီးပြိုင်ပွဲကို နေပြည်တော်တည်းခိုရေးစခန်း ပုဗ္ဗသီရိတပ်နယ်ခန်းမ၌ ကျင်းပရာ ဝါသနာရှင် အဆင့်(ဒုတိယတန်း) အမျိုးသားပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “သည်ဆောင်း ဟေမာန်” (ဘွဲ့)သီချင်းဖြင့်လည်းကောင်း၊ ဝါသနာရှင်အဆင့်(ဒုတိယတန်း) အမျိုးသမီးပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “သည်ဆောင်းဟေမာန်”(ဘွဲ့) သီချင်းဖြင့် လည်းကောင်း၊ ဝါသနာရှင်အဆင့်(ပထမတန်း) အမျိုးသားပြိုင်ပွဲတွင် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ပုံပမာ”(ကြိုး) သီချင်းဖြင့်လည်းကောင်း၊ ဝါသနာရှင်အဆင့် (ပထမတန်း) အမျိုးသမီးပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ဂန္ဓမာတောင်”(ဘွဲ့) သီချင်းဖြင့်လည်းကောင်း တီးခတ်ယှဉ်ပြိုင်ကြသည်။

 

ဒုံမင်းအတီးပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ဝါသနာရှင်အဆင့်(ဒုတိယတန်း) အမျိုးသားပြိုင်ပွဲတွင် ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ကောင်းခြင်းမင်္ဂလာ” (ကာလပေါ်) သီချင်းဖြင့်လည်းကောင်း၊ ဝါသနာရှင်အဆင့်(ဒုတိယတန်း) အမျိုးသမီးပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “တဖုဿငယ်”(ရွှေတိဂုံသမိုင်းဘွဲ့) သီချင်းဖြင့်လည်းကောင်း၊ ဝါသနာရှင်အဆင့်(ပထမတန်း)အမျိုးသား ပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ခါနွေဆန်းလန်းစီစီ” (ယိုးဒယား)သီချင်းဖြင့်လည်းကောင်း၊ ဝါသနာရှင်အဆင့်(ပထမတန်း) အမျိုးသမီးပြိုင်ပွဲတွင် စစ်ကိုင်း တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “မြန်ချာမြေကို” (ပတ်ပျိုး) သီချင်းဖြင့်လည်းကောင်း တီးခတ်ယှဉ်ပြိုင်ကြပြီး ယနေ့တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ဗဟိုအဆင့်)ပြိုင်ပွဲ ဘာသာရပ်အလိုက် ပြိုင်ပွဲများအားလုံးပြီးဆုံးပြီ ဖြစ်သည်။

 

ယနေ့ကျင်းပသည့် ပြိုင်ပွဲများသို့ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ဒုတိယဝန်ကြီးများ၊ ဒုတိယဝန်ကြီးနှင့်အဆင့်တူ ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ လူမှုရေးရာဝန်ကြီးများ၊ ဥပဒေချုပ်များ၊ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တပ်မတော်သားများနှင့် မိသားစုဝင်များ၊ ဝန်ထမ်းမိသားစုများ၊ အနုပညာကို ချစ်မြတ်နိုးကြသည့် မိဘပြည်သူများနှင့် ပြိုင်ပွဲဝင်များ၏ အုပ်ထိန်းသူများ၊ မိဘများက လာရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်