၂၀၂၆ -၂၀၂၇ ရာသီ MNL ပြိုင်ပွဲကို အသင်း ၁၂ သင်းဖြင့် သြဂုတ် ၂၈ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး အသင်းခုနစ်သင်းအထိ အိမ်ကွင်းလက်ခံကျင်းပမည်

ရန်ကုန်    ဩဂုတ်    ၁၆

ယခုလကုန်ပိုင်းတွင်  စတင်ကျင်းပမည့် ၂၀၂၆ - ၂၀၂၇ ရာသီ MNL အမှတ်ပေးပြိုင်ပွဲတွင် အသင်း စုစုပေါင်း ၁၂ သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး  ခုနစ်သင်းအထိ အိမ်ကွင်းလက်ခံကျင်းပမည် ဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ်၏ သတင်းထုတ်ပြန်ချက်အရ ၂၀၂၆ - ၂၀၂၇ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပထမအကျော့ကို သြဂုတ် ၂၈ ရက်မှ ဒီဇင်ဘာ ၂၁ ရက်၊ ဒုတိယအကျော့ကို ဇန်နဝါရီ ၁ ရက်မှ မတ် ၁၄ ရက်အထိ ကျင်းပမည်ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်း အပါအဝင်  ရန်ကုန်ယူနိုက်တက်၊ ဒဂုံစတားယူနိုက်တက်၊ အား/ကာသိပ္ပံ၊  ဟံသာဝတီယူနိုက်တက်၊ စစ်ကိုင်းယူနိုက်တက်၊  ရတနာပုံ၊  ဧရာဝတီ ယူနိုက်တက်၊ သစ္စာအားမာန်၊ Chinland ၊ မြဝတီနှင့် ရန်ကုန်စီးတီးအသင်းတို့  ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ယင်းအသင်းများအနက်  ရှမ်းယူနိုက် တက်အသင်းက တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း၊ ရန်ကုန်ယူနိုက်တက်အသင်းက ရန်ကုန်မြို့ရှိ YUSC ကွင်း၊ အား/ကာ သိပ္ပံအသင်းက သန်လျင်သီဟဒီပကွင်း၊ ဟံသာဝတီ ယူနိုက်တက်အသင်းက ပဲခူးမြို့ရှိ တိုင်းအားကစားကွင်း၊ ရတနာပုံအသင်းက မန္တလေးမြို့ရှိ ဗထူးကွင်း၊ ဧရာဝတီယူနိုက်တက်အသင်းက ပုသိမ်မြို့ရှိ ကျောက်တိုင်ကွင်း၊ ရန်ကုန်စီးတီး အသင်းက ရန်ကုန်မြို့ရှိ  ပဒေသာ/မြသီတာကွင်းတို့ကို  အိမ်ကွင်းအဖြစ် အသုံးပြုမည်ဖြစ်သည်။ ပြိုင်ပွဲကို နှစ်ကျော့စနစ်ဖြင့်  ကျင်းပမည်ဖြစ်ပြီး ပွဲစဉ်ဇယားကို မကြာမီထုတ်ပြန်မည်ဖြစ်သည်။  အိမ်ကွင်း  လက်ခံကျင်းပနိုင်ခြင်းမရှိသည့်  အသင်းများအတွက်  အိမ်ကွင်းပွဲများကို  သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်သည်။

MNL အမှတ်ပေးပြိုင်ပွဲကို (၁၇)ကြိမ်မြောက် ကျင်းပမည်ဖြစ်ပြီး ပြီးခဲ့သည့် (၁၆)ကြိမ်တွင် ရှမ်းယူနိုက်တက်အသင်းက ခုနစ်ကြိမ်၊ ရန်ကုန်ယူနိုက်တက်အသင်းက  ငါးကြိမ်၊  ရတနာပုံအသင်းက လေးကြိမ် ဗိုလ်စွဲထားသည်။ ရှမ်းယူနိုက်တက်အသင်းသည် စံချိန်တင် ခုနစ်ကြိမ်မြောက်နှင့် ခြောက်ရာသီဆက် ဗိုလ်စွဲထားသလို အအောင်မြင်ဆုံးဂုဏ်ပုဒ်နှင့်အတူ ငါးကြိမ်မြောက်နှင့် လေးရာသီဆက် တစ်ရာသီလုံးရှုံးပွဲမရှိစံချိန်နှင့်အတူ ချန်ပီယံဆု၊ လိဂ်ပွဲ ၁၀၀ ပြည့် ရှုံးပွဲမရှိစံချိန်များလည်း ပိုင်ဆိုင်ထားသည်။      

သတင်း - ညီမြတ်သော်တာ

ဓာတ်ပုံ - စိုးညွန့်သော်