၂၀၂၆-၂၀၂၇ ရာသီ M-League II ပြိုင်ပွဲ ယနေ့ စတင်ကျင်းပမည်

ရန်ကုန်   အောက်တိုဘာ   ၁၄

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာလိဂ်တို့က ကြီးမှူး၍ Grand Royal၊ AYA Bank နှင့် AYA Pay တို့၏ အဓိကပံ့ပိုးကူညီမှုဖြင့် ကျင်းပသည့် ၂၀၂၆-၂၀၂၇ ရာသီ Grand Royal  M-League II ပြိုင်ပွဲ ပွဲစဉ်(၁) ကို အောက်တိုဘာ ၁၅ ရက်တွင် စတင်ကျင်းပမည်ဖြစ်သည်။

ယခုရာသီ M-League II ပြိုင်ပွဲတွင် အသင်းစုစုပေါင်း ၁၀ သင်း ယှဉ်ပြိုင်မည်ဖြစ်ပြီး ပွဲစဉ် (၁) အဖြစ် အောက်တိုဘာ ၁၅ ရက်တွင် YUSC ကွင်း၌ Asia Lion အသင်းနှင့် ရာမညယူနိုက်တက်အသင်း၊ တက္ကသိုလ်ကွင်း၌ တက္ကသိုလ်အသင်းနှင့်  Elite Kings အသင်း၊ ပဒုမ္မာကွင်း၌ မနောအသင်းနှင့်  VUE နေပြည်တော်အသင်း၊ အောက်တိုဘာ ၁၆ ရက်တွင် တက္ကသိုလ်ကွင်း၌  Enjoy Brother အသင်းနှင့်   ရွိုင်ရယ်ဒဂုံအသင်း၊ အောက်တိုဘာ ၁၇ ရက်တွင် တက္ကသိုလ်ကွင်း၌ ရခိုင်ယူနိုက်တက်အသင်းနှင့်  Junior Lions အသင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ယခုရာသီတွင် ပြိုင်ပွဲဝင်အသင်းတစ်သင်းစီအတွက် Subsidy ကို ယခင် ကျပ်သိန်း ၃၀၀ မှ ကျပ်သိန်း ၅၀၀ အထိ တိုးမြှင့်ပေးထားပြီး AYA Pay Player of the Match ဆုကြေးကိုလည်း ကျပ်နှစ်သိန်းမှ ကျပ်ငါးသိန်းအထိ တိုးမြှင့်ထားကြောင်း သိရသည်။ ထို့ပြင် Ranking Subsidy များကိုလည်း ရရှိသည့် အဆင့်ရပ်တည်ချက်အပေါ်မူတည်၍ ပေးအပ်မည်ဖြစ်ပြီး ရာသီကုန်တွင်‌ ပေးအပ်ချီးမြှင့်မည့် အကောင်းဆုံးကစားသမားဆုကြေးကိုလည်း  ယခင်ပေးအပ်သည့်  ကျပ် ၁၀ သိန်း အစား ကျပ်သိန်း ၃၀ အထိ တိုးမြှင့်ချီးမြှင့်သွားမည်ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်သော်