ညောင်ဦး နိုဝင်ဘာ ၂၄
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း ဘုရားဖူးခရီးသွား ပြည်သူများဖြင့် သမိုင်းအထင်ကရဘုရားများတွင် စည်ကားလျက်ရှိသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း တန်ဆောင်မုန်းလပြည့်နေ့တွင် သမိုင်းအထင်ကရ ဘုရားများ၌ ခရီးသွားဘုရားဖူးများ ကြိတ်ကြိတ်တိုးစည်ကားနေကြောင်း သိရသည်။ တန်ဆောင်တိုင် ရုံးပိတ်ရက်ကာလအတွင်း ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ ခရီးသွားဘုရားဖူးများပြားခြင်း နှင့်အတူ နေ့ချင်းပြန်ဘုရားဖူးများ၊ မြန်မာပြည်အရပ်ရပ်မှ လာရောက်သည့် ခရီးသွားများပြားခြင်းကြောင့် ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများတွင် တည်းခိုသူများပြားနေကြောင်း၊ သမိုင်းအထင်ကရဘုရားများဖြစ်သည့် ရွှေစည်းခုံ၊ လောကနန္ဒာ၊ တုရင်တောင်၊ အလိုတော်ပြည့်၊ မနူဟာ၊ မြစေတီ၊ အာနန္ဒာ၊ သဗ္ဗညု၊ မဟာဗောဓိ၊ ထီးလိုမင်းလို၊ ဓမ္မရံကြီး၊ စူဠာမဏိ၊ ငှက်ပစ်တောင်၊ ဗူးဘုရား၊ ကန်တော့ပလ္လင်ဘုရားတို့တွင် ခရီးသွားဘုရားဖူးများဖြင့် အထူးစည်ကားနေပြီး ဂူပြောက်ကြီး၊ ဝက်ကြီးအင်းဂူပြောက်ကြီး၊ သိကြားပုန်း၊ သိကြားဟစ်၊ စိမ်းညက်ညီအစ်မ၊ ဝတ္တနတောဘုရားစု၊ ရင်မနားဘုရားစု၊ ဆူးလေကုန်းဘုရားစု၊ မလုံးဖြစ်၊ မလာဖြစ်ဘုရား၊ အမိုးဖွင့် (ဘုရားခေါ်)ရေတော်မုဏိဘုရား၊ ရွှေနန်းရင်တောဘုရားစုတို့တွင်လည်း ပုဂံဘုရားသမိုင်းလေ့လာလိုသူများ၊ နံရံဆေးရေး ပန်းချီလေ့လာလိုသူများ၊ ဘုရားများတည်ဆောက်ပုံ ဗိသုကာ ပညာရပ်လေ့လာလိုသူများဖြင့်လည်း စည်ကားလျက်ရှိသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း တန်ဆောင်တိုင် ရုံးပိတ်ရက်ကာလအတွင်း ဘုရားဖူးများပြားခြင်းနှင့်အတူ မြင်းလှည်းအငှားလိုက်သူများ၊ မီနီအိုးဝေအငှားလိုက်သူများ၊ ကားအငှားလိုက်သူများ၊ စားသောက်ဆိုင်များ၊ လက်အလှ ပန်းချီဆွဲသူများ၊ ပြည်တွင်းဧည့်လမ်းညွှန်များ အလုပ်အကိုင်အခွင့်အလမ်းများ၊ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဒီပါလင်း


