၂၀၂၂ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲ အုပ်စု (K) တွင် ကျရောက်မည့်အသင်းအား မဲနှိုက်ရွေးချယ်

mdn

ရန်ကုန် ၁၁ သြဂုတ်


အာရှဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၂ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲမှ မြောက်ကိုရီးယားအသင်း နုတ်ထွက်သွားသောကြောင့် အုပ်စု (K) တွင် အသင်းတစ်သင်း အစားထိုးရန် သြဂုတ် ၁၁ ရက်က အွန်လိုင်းမှ မဲနှိုက်ရွေးချယ်ခဲ့သည်။ ယင်းကဲ့သို့ ရွေးချယ်ရာတွင် မြန်မာအသင်းပါဝင်သော အုပ်စုတွင် ကျရောက်နေသည့် ဟောင်ကောင်အသင်းမှာ မဲနှိုက်ရွေးချယ်ခံရသဖြင့် အုပ်စု (K) သို့ ပြောင်းလဲကစားရမည်ဖြစ်သည်။

အာရှဘောလုံးအဖွဲ့ချုပ်သည် ယင်းခြေစစ်ပွဲကို အောက်တိုဘာ ၂၇ ရက်မှ ၃၁ ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး အုပ်စု ၁၁ ခုခွဲ၍ ကျင်းပမည်ဖြစ်သည်။ ဇူလိုင် ၉ ရက်ကပြုလုပ်ခဲ့သည့် အုပ်စုမဲခွဲပွဲတွင် အုပ်စု (K) ၌ ကျရောက်ခဲ့သည့် မြောက်ကိုရီးယားအသင်းသည် ယခုလဆန်းပိုင်းတွင် နုတ်ထွက်ကြောင်း အကြောင်းကြားခဲ့ရာ ယင်းအုပ်စုတွင် ဂျပန်နှင့် ကမ္ဘောဒီးယားအသင်းတို့သာ ကျန်ရှိတော့သဖြင့် အခြားအရှေ့အာရှဇုန်မှ အသင်းတစ်သင်းဖြင့် အစားထိုးရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ယင်းကဲ့သို့ ပြောင်းလဲရာတွင် အရှေ့အာရှဇုန် အုပ်စုများဖြစ်သာ အုပ်စု (G၊ H၊ I၊ J) မှ တစ်သင်းဖြင့် အစားထိုးမည်ဖြစ်သော်လည်း အုပ်စုမဲခွဲရာတွင် ဆီဒင်(၁) သတ်မှတ်ခံရသည့်အသင်းနှင့် အိမ်ရှင်အား အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့်အသင်းများ မပါဝင်ဘဲ အုပ်စု (G) မှ တရုတ်နှင့် ဘရူနိုင်း၊ အုပ်စု (H) မှ တီမောနှင့် ဖိလစ်ပိုင်၊ အုပ်စု (I) မှ မြန်မာနှင့် ဟောင်ကောင်၊ အုပ်စု (J) မှ မလေးရှားနှင့် လာအိုတို့ရှစ်သင်းကို မဲနှိုက်ခဲ့ရာ ဟောင်ကောင်အသင်း ကျရောက်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အုပ်စု (K) တွင် ဟောင်ကောင်၊ ဂျပန်၊ ကမ္ဘောဒီးယားအသင်းတို့ ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ဟောင်ကောင်အသင်း ယခင်ကျရောက်ခဲ့သည့် အုပ်စု (I) တွင် ဗီယက်နမ်၊ မြန်မာနှင့် တရုတ်တိုင်ပေအသင်းတို့သာ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

အုပ်စုမဲခွဲမှုအရ အနောက်အာရှဇုန် အုပ်စု (A) တွင် ဆီးရီးယား၊ ကာတာ၊ ယီမင်၊ သီရိလင်္ကာ၊ အုပ်စု (B) တွင် အီရန်၊ တာဂျစ်ကစ္စတန်၊ လက်ဘနွန်၊ နီပေါ၊ အုပ်စု (C) တွင် အီရတ်၊ ဘာရိန်း၊ အာဖဂန်နစ္စတန်၊ မော်လ်ဒိုက်၊ အုပ်စု(D) တွင် ဆော်ဒီအာရေဗျ၊ ဘင်္ဂလားဒေ့ရှ်၊ ကူဝိတ်၊  ဥဇဘက်ကစ္စတန်၊ အုပ်စု (E) တွင် ယူအေအီး၊ အိုမန်၊ အိန္ဒိယ၊ ကာဂျစ္စတန်၊ အုပ်စု (F)တွင် ဂျော်ဒန်၊ ပါလက်စတိုင်း၊ တာ့ခ်မင်နစ္စတန်၊ အရှေ့အာရှဇုန် အုပ်စု(G) တွင် သြစတြေးလျ၊ တရုတ်၊ အင်ဒိုနီးရှား၊ ဘရူနိုင်း၊ အုပ်စု (H) တွင် တောင်ကိုရီးယား၊ စင်ကာပူ၊ တီမော၊ ဖိလစ်ပိုင်၊ အုပ်စု (I) တွင် ဗီယက်နမ်၊ မြန်မာ၊ တရုတ်တိုင်ပေ၊ အုပ်စု(J) တွင် ထိုင်း၊ မလေးရှား၊ လာအို၊ မွန်ဂိုလီးယား၊ အုပ်စု (K)တွင် ဟောင်ကောင်၊ ဂျပန်နှင့် ကမ္ဘောဒီးယားအသင်းတို့ ပါဝင်နေသည်။ ခြေစစ်ပွဲကျင်းပမည့်ပုံစံအရ အုပ်စု ၁၁ ခုမှ ထိပ်ဆုံး ၁၁ သင်းနှင့် ဒုတိယနေရာရအသင်းများအနက် အကောင်းဆုံးလေးသင်း စုစုပေါင်း ၁၅ သင်း ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။

သတင်း-ကိုညီလေး
ဓာတ်ပုံ-AFC