၂၀၂၁ ခုနှစ် မတ်မှ ဇွန်လအထိ မြန်မာ့လက်ရွေးစင်အသင်း ပြိုင်ပွဲများ ဆက်တိုက်ကစားရမည်

၁၅ နိုဝင်ဘာ

မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်းသည် ၂၀၂၁ ခုနှစ် မတ်လမှ ဇွန်လအထိ ပြိုင်ပွဲများ ဆက်တိုက်ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ ယခုနှစ်အတွင်း ကစားရမည့်ပြိုင်ပွဲများကို ရွှေ့ဆိုင်းထားသောကြောင့် လေးလဆက်တိုက် ပြိုင်ပွဲများ ဆက်တိုက်ကစားရခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် လာမည့်နှစ်တွင် အာရှအဆင့်နှင့် အာဆီယံအဆင့် အဆင့်အမြင့်ဆုံး ပြိုင်ပွဲယှဉ်ပြိုင်ရမည်ဖြစ်ပြီး ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလားခြေစစ်ပွဲ ဒုတိယအဆင့်အုပ်စု လက်ကျန်ပွဲများကို မတ်လနှင့် ဇွန်လ၊ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကို ဧပြီနှင့် မေလတွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

အာရှဘောလုံးအဖွဲ့ချုပ်သည်  ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလားခြေစစ်ပွဲ ဒုတိယအဆင့် အုပ်စုလက်ကျန်ပွဲများကို ကျင်းပမည့်ကာလ ထုတ်ပြန်ထားသော်လည်း ကျင်းပမည့်ရက်များ ထုတ်ပြန်ခြင်းမရှိသေးဘဲ အာဆီယံဘောလုံးအဖွဲ့ချုပ်မှာမူ အာဆီယံဆူဇူကီး ဖလားပြိုင်ပွဲကို ဧပြီ ၁၁ ရက်မှ မေ ၈ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ထားသည်။ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကို ၂၀၂၀ နှစ်ကုန်ပိုင်းတွင် ကျင်းပရမည်ဖြစ်သော်လည်း ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်ပြီး ဧပြီလတွင် ပြန်လည်ကျင်းပခြင်းဖြစ်သည်။

အာရှဘောလုံးအဖွဲ့ချုပ်၏ ထုတ်ပြန်မှုအရ မြန်မာအသင်းအနေဖြင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ လက်ကျန်ပွဲများကို မတ်လတွင် နှစ်ပွဲ၊ ဇွန်လတွင်တစ်ပွဲ ကစားရမည်ဖြစ်သည်။ မြန်မာအသင်းသည် သုံးပွဲကစားရန်ကျန်ရှိနေပြီး ဂျပန်အသင်းနှင့် အဝေးကွင်းပွဲ၊ ကာဂျစ္စတန်နှင့် အိမ်ကွင်းပွဲကို မတ်လတွင်လည်းကောင်း၊ တာဂျစ်ကစ္စတန်နှင့် အဝေးကွင်းပွဲကို ဇွန်လတွင်လည်းကောင်း ယှဉ်ပြိုင်ကစားရန်ရှိနေသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် လာမည့်နှစ်တွင် ပြိုင်ပွဲများ ဆက်တိုက် ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း ကပ်ရောဂါအခြေအနေကြောင့် လက်ရှိအချိန်ထိ လေ့ကျင့်နိုင်ခြင်းမရှိသေးဘဲ မတ်လအတွင်းက ကာလတိုလေ့ကျင့်ခဲ့ရသည်။ မြန်မာ့လက်ရွေးစင်အသင်းကို နည်းပြချုပ်အဖြစ် ဂျာမနီနိုင်ငံသား အန်တွမ်နီဟေးက ကိုင်တွယ်လျက်ရှိသည်။

သတင်း- ညီမြတ်သော်တာ

ဓာတ်ပုံ- စိုးညွန့်