နေပြည်တော် စက်တင်ဘာ ၁
မြန်မာ့ရိုးရာယဉ်ကျေးမှု အနုပညာရပ်များ မတိမ်ကော၊ မပပျောက်စေရန်နှင့် မျိုးချစ်စိတ်၊ ဇာတိသွေး၊ ဇာတိမာန်များ ရှင်သန်ထက်မြက်စေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၏ (၁၉) ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲဆု ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တက်ရောက်၍ အကောင်းဆုံးတံခွန်စိုက်ဆုကို ပေးအပ်ချီးမြှင့်သည်။
အဆိုပါ အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်နီလာ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် ဇနီး ဒေါ်နန်းကူးကူ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ)မှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အကဲဖြတ်ဝါရင့်အနုပညာရှင်၊ အတတ်ပညာရှင်ကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ပြိုင်ပွဲဝင် စစ်သည်၊ စစ်သမီးများ တက်ရောက်ကြသည်။
အခမ်းအနား အစီအစဉ်အရ ဆုချီးမြှင့်ပွဲ ပထမပိုင်းကိုပြုလုပ်ရာ ဦးစွာ မျက်လှည့်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ် (၃) နယ်လှည့် ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ တပ်ကြပ်ကြီး ဇော်မင်းထွန်းနှင့် အဖွဲ့၊ ခေတ်ပေါ်တီးဝိုင်းပြိုင်ပွဲ (အဖွဲ့လိုက်) တွင် ပထမဆုရရှိသည့် အမှတ် (၄) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ ဒုတိယအရာခံဗိုလ် အောင်ဇော်နှင့် အဖွဲ့၊ မြန်မာ့ဆိုင်းဝိုင်း (အဖွဲ့လိုက်) အတီးပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ် (၁) တပ်မတော်ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ်မှ အရာခံဗိုလ် တင့်ဆန်းနှင့် အဖွဲ့တို့အား စိတ်ဓာတ်ရေးရာနှင့် လူထုဆက်ဆံရေးကော်မတီဥက္ကဋ္ဌ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဟိန်းက ဆုများပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ မြန်မာ့ရိုးရာယဉ်ကျေးမှု (နန်းတွင်း) ယိမ်းအကပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ် (၂) တပ်မတော် ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်မှ ဒုတိယအရာခံဗိုလ် (အစားခန့်) ဒေါ်သန္တာလင်း ဦးဆောင်သော တေဇဂုဏ်အဖွဲ့၊ မြန်မာ့ရိုးရာယဉ်ကျေးမှု (စိတ်ကြိုက်) ယိမ်းအကပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ် (၂) တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်မှ ဒုတိယအရာခံဗိုလ် (အစားခန့်) ဒေါ်သန္တာလင်း ဦးဆောင်သော လယ်တောသူယိမ်းအဖွဲ့နှင့် မြန်မာ့ရိုးရာယဉ်ကျေးမှု (တိုင်းရင်းသားရိုးရာ) ယိမ်းအကပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ် (၂) တပ်မတော် ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်မှ တပ်ကြပ်ကြီး/ စာရေး ကျော့ယမင်း ဦးဆောင်သော ညီညာစေတိုင်းရင်းသားယိမ်းအဖွဲ့တို့အား ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကိုကိုဦးက ဆုများပေးအပ်ချီးမြှင့်သည်။
ထို့နောက် အငြိမ့်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ် (၄) နယ်လှည့် ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ ရွှေပြည်တန်အငြိမ့်အဖွဲ့နှင့် ပြဇာတ်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ် (၁) နယ်လှည့် ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ မိုက်နောင်တစင်တင်ပြဇာတ်အဖွဲ့တို့အား ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက ဆုများပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၏ (၁၉) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲတွင် အကောင်းဆုံးတံခွန်စိုက်ဒိုင်းဆုရရှိသည့် အမှတ် (၂) နယ်လှည့် ပြည်သူ့ဆက်ဆံရေးတပ်ခွဲအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက တံခွန်စိုက်ဒိုင်းဆု ပေးအပ်ချီးမြှင့်သည်။
ထို့နောက် မြန်မာ့ဆိုင်းဝိုင်း (အဖွဲ့လိုက်) ပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ် (၁) တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်မှ အောင်ပါစေဧည့်ခံတီးလုံးဖြင့် တီးခတ်ဖျော်ဖြေခြင်း၊ ခေတ်ဟောင်းတေး (အမျိုးသား) အဆိုပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ် (၁) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ တပ်ကြပ်ကြီး အေးမင်းထွန်းက လူချွန်လူကောင်းတေးသီချင်း၊ ကာလပေါ်တေး (အမျိုးသမီး) အဆိုပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ် (၁) တပ်မတော် အသံလွှင့်တပ်မှ တပ်ကြပ်ကြီး (အစားခန့်) ဒေါ်ကြည်စင်သန့်က တောင်တန်းပြာနဲ့ကျောပိုးအိတ် တေးသီချင်း၊ ခေတ်ပေါ်တေး (အမျိုးသမီး) အဆိုပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ် (၂) တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်မှ ဗိုလ်ကြီး ဒေါ်မေအိန္ဒြေသန့်က ရူးရူးမိုက်မိုက်အချစ်တေးသီချင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု (နန်းတွင်းယိမ်း) ပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ် (၂) တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်မှ တေဇဂုဏ်နန်းတွင်းယိမ်းအကများ၊ မြန်မာ့ရိုးရာယဉ်ကျေးမှု (စိတ်ကြိုက်ယိမ်း) ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် အမှတ် (၁) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ လယ်တောသူကျေးလက်ယိမ်းအကများ၊ မျက်လှည့် (အဖွဲ့လိုက်) ပြိုင်ပွဲတွင် တတိယဆုရရှိသည့် အမှတ် (၂) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ စိတ်ဝင်စားစရာအကောင်းဆုံး မျက်လှည့်ပြကွက်များ၊ ခေတ်ပေါ်တီးဝိုင်း (အဖွဲ့လိုက်) ပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ် (၄) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ တီးခတ်ဖျော်ဖြေခြင်း၊ အငြိမ့် (အဖွဲ့လိုက်) ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် အမှတ် (၂) တပ်မတော် ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ် မြဝတီအငြိမ့်အဖွဲ့က အငြိမ့်ကောက်နုတ်ချက်များဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ အမှတ် (၂) တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်မှ စစ်သည်၊ စစ်သမီးများက စည်းလုံးချစ်ကြည်ပြန်ဆုံကြမည် စုပေါင်းသီချင်းဖြင့် သီဆိုကပြဖျော်ဖြေ တင်ဆက်ကြသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများက (၁၉) ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့်မျက်လှည့်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် တပ်ရင်း/ တပ်ဖွဲ့များအတွက် ချီးမြှင့်ငွေများပေးအပ်သည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အကဲဖြတ်အနုပညာရှင်ကြီးများနှင့် စစ်သည်၊ စစ်သမီးများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
မွန်းလွဲပိုင်းတွင် ဆုချီးမြှင့်ပွဲ ဒုတိယပိုင်းကို ဆက်လက်ကျင်းပပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူးနှင့် တပ်မတော်အရာရှိကြီးများ၊ အကဲဖြတ်ဝါရင့်အနုပညာရှင်၊ အတတ်ပညာရှင်ကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ပြိုင်ပွဲဝင် စစ်သည်၊ စစ်သမီးများ တက်ရောက်ကြသည်။
ဦးစွာ ဆုချီးမြှင့်ခြင်းကို ပြုလုပ်ရာ ပြိုင်ပွဲအမျိုးအစားများအလိုက် ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိကြသည့် စစ်သည်၊ စစ်သမီးများအား ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် အကဲဖြတ်ပညာရှင်များကိုယ်စား အကြံပေးပညာရှင် ဦးသက်ဆွေက ပြိုင်ပွဲအပေါ် သုံးသပ်ချက်များကို ဆွေးနွေးတင်ပြသည်။ ထို့နောက် ညွှန်ကြားရေးမှူးက ပြိုင်ပွဲကျင်းပခဲ့မှုနှင့် ပတ်သက်၍ ပြန်လည်သုံးသပ် ဆွေးနွေးမှာကြားပြီး အကဲဖြတ်ပညာရှင်ကြီးများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။
ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၏ တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲများကို မြန်မာ့ရိုးရာယဉ်ကျေးမှု အနုသုခုမပညာရပ်များ မတိမ်ကော၊ မပပျောက်အောင် ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ရန်၊ အနုသုခုမပညာရပ်များမှတစ်ဆင့် နိုင်ငံသားတိုင်း၏ နှလုံးသား၌ ဇာတိသွေး၊ ဇာတိမာန်များ အရင်းခံသည့် မျိုးချစ်စိတ်များ ပွင့်လန်းရှင်သန်စေရန်နှင့် မိမိတို့တပ်ဖွဲ့များ၏ အနုပညာအရည်အသွေးများ မှန်မှန်ကန်ကန် တိုးတက်ဖြစ်ထွန်းလာအောင် ဝါရင့်၊ သမ္ဘာရင့် အနုပညာရှင်၊ အတတ်ပညာရှင်ကြီးများထံမှ စစ်မှန်သည့် အနုပညာအမွေအနှစ်များကို မျိုးဆက်သစ်ပညာရှင်များ လက်ဆင့်ကမ်း ထိန်းသိမ်းနိုင်စေရန်ရည်ရွယ်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ပြည်သူဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီအနုပညာရှင်အဖွဲ့များနှင့် နယ်လှည့်ပြည်သူ့ဆက်ဆံရေး တပ်ခွဲများမှ စစ်သည်၊ စစ်သမီးများဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်ပြိုင်ပွဲတွင် ခေတ်ဟောင်းတေး၊ ကာလပေါ် တေး၊ ခေတ်ပေါ်တေး၊ အငြိမ့်ပြိုင်ပွဲ၊ အကပြိုင်ပွဲ၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှု (စိတ်ကြိုက်) ယိမ်းအက၊ နှစ်ပါးသွားအက၊ ပြဇာတ်ပြိုင်ပွဲ၊ မြန်မာ့ဆိုင်းဝိုင်းပြိုင်ပွဲ၊ ခေတ်ပေါ်တီးဝိုင်း၊ မျက်လှည့်ပြိုင်ပွဲနှင့် တေးသီချင်းအရေးပြိုင်ပွဲ စုစုပေါင်းပြိုင်ပွဲအမျိုးအစား ၂၁ မျိုး ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


