ရန်ကုန် ဩဂုတ် ၂
(၁၁)ကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီးကို မြန်မာစီးပွားရေးကော်ပိုရေးရှင်းက အဓိကပံ့ပိုးကူညီပြီး MAI ၊ မင်္ဂလာလေကြောင်းလိုင်း၊ A bank ၊ Max Cement တို့၏ ပါဝင်ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်နှင့် Myanmar Martial Arts Group(MMAG)မှ ဩဂုတ် ၉ ရက် (တနင်္ဂနွေနေ့) မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူမြန်မာ့ရိုးရာလက်ဝှေ့ခန်းမ၌ ကျင်းပမည်ဖြစ်သည်။
အဆိုပါပြိုင်ပွဲ (၅၃ ကီလိုတန်း-လေးချီ)ပွဲစဉ်၌ မြန်မာ့လက်ဝှေ့လောက၏ မျိုးဆက်သစ်လူငယ် လက်ဝှေ့ကျော်များဖြစ်ကြသည့် ဒေါင်းမိုက်သွေး(Nine Lethwei)နှင့် စောရူဘီ(YMA)တို့၏ သွေးသစ်စမ်းအားပြိုင်မှုကို စတင်မြင်တွေ့ရမည်ဖြစ်သည်။
ဒုတိယတွဲဆိုင်း(၆၅ ကီလိုတန်း - လေးချီ) ပွဲစဉ်၌ မြန်မာ့လက်ဝှေ့ပရိသတ်များ မျက်စိကျနေသည့် လူငယ်လက်ဝှေ့ကျော် ကရင်အောင်လံဆုရှင် အောင်ကိုလတ်(Ray) နှင့် စောထိန်လင်း(555 Sports) တို့၏ အကြိတ်အနယ်ပွဲကို ရင်တမမဖြင့် ဆက်လက်ကြည့်ရှုရမည်ဖြစ်သည်။
ရွှေခါးပတ်ပေးမည့် တတိယတွဲဆိုင်း(၅၆ ကီလိုတန်း - ငါးချီ)ပွဲစဉ်၌ ပြည်တွင်း၊ ပြည်ပ ပရိသတ်များ၏ တစ်ခဲနက်အားပေးမှုကို ရရှိထားသော MLWC ရွှေတံဆိပ်ရှင် ဆလိုင်းထန်ခွီးရှိန် (ကျားမနိုင်) နှင့် Sky Net ရွှေအောင်လံ ဒုတိယဆု၊ SEA Games ကြေးတံဆိပ်ဆုရှင် ဟိန်းထွန်းအောင် (ခေးယူးဝါး)တို့၏ ထိပ်တိုက်အားချင်းပြိုင် သွေးချင်းဆိုင်ကြမည့် ဆုံတွေ့ပွဲအဖြစ် ကြည့်ရှုကြရမည်ဖြစ်သည်။
ရွှေခါးပတ်တွဲဆိုင်းဖြစ်သော စတုတ္ထတွဲ ဆိုင်း(၆၀ ကီလိုတန်း - ငါးချီ)ပွဲစဉ်၌ MLWC ရွှေခါးပတ်ချန်ပီယံ အဲမွီ(အဲကညော)နှင့် Sky Net ရွှေအောင်လံဆုရှင် သန့်ဇင်(ပိုင်သွန်တော်ဝင်ဧရာ)တို့၏ ချန်ပီယံရွှေခါးပတ်ရှင်နှင့် ရွှေအောင်လံရှင်တို့၏ ဂုဏ်သိက္ခာညှိပွဲအဖြစ် အားပေးကြည့်ရှုကြရမည်။
ရွှေခါးပတ်ပွဲဖြစ်သော ဒုတိယခေါင်ပွဲစဉ် (၆၇ ကီလိုတန်း- ငါးချီ)ပွဲစဉ်၌ MLWC ရွှေတံဆိပ်ရှင် နိုင်ဝင်းထွန်း(Nine Lethwei) နှင့် ကရင်အောင်လံဆုရှင် ကမ္ဘာရှား(ဇာထက် မိတ္ထီလာ)တို့၏ သွေးသတ္တိကို မော်ကွန်းတင်သက်သေပြကြမည့်ပွဲကြီးအဖြစ် မြင်တွေ့ရမည်ဖြစ်သည်။ ရွှေခါးပတ်ပွဲဖြစ်သော ၇၅ ကီလိုတန်း(ငါးချီ) စိန်ခေါ်ပွဲကြီးသည် ယခုပွဲစဉ်တစ်ခုလုံး၏ အသက်သွေးကြောနှင့် ပရိသတ်စိတ်ဝင်စားမှု အမြင့်ဆုံးပွဲဖြစ်ပြီး ထွန်းမင်းအောင်(Top One)နှင့် ရာမန်(ရိုးရာစွမ်းအား) တို့၏ ယှဉ်ပြိုင်ထိုးသတ်မှုကို ကြည့်ရှုအားပေးရမည်ဖြစ်သည်။
အာကာ


