၀က်သေဆုံးမှုများဖြစ်ပေါ်ခဲ့သည့် ရှမ်းပြည်နယ်အရှေ့ခြမ်းကို ရောဂါဖြစ်ပွားထားသော ကလပ် (Class) အဖြစ် သတ်မှတ် 

ကျိုင်းတုံ ၁၁  အောက်တိုဘာ 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံ၊ မိုင်းလားအထူးဒေသနှင့် တာချီလိတ်ခရိုင်အတွင်း ဝက်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန အနေဖြင့် တာချီလိတ်ခရိုင်/မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ဒေသတွင်း အာဖရိက ဝက်အပြင်းဖျားရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး၊ ပြန်လည် ထူးထောင်ရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်စဉ် အဆိုပါဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။


မေး။ ။ ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ ဝက်ရောဂါနဲ့ပတ်သက်ပြီး လက်ရှိဘာတွေဆောင်ရွက်နေပြီး၊ ဘယ်လောက်အတိုင်းအတာထိ ရှိနေတယ်ဆိုတာ သိပါရစေ

ဖြေ။ ။    ရှမ်းပြည်နယ် အရှေ့ခြမ်းကတော့ အာဖရိကဝက် အပြင်းဖျားရောဂါနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ တိုင်းပြည်မှာ ပထမဆုံး ဖော်ထုတ်တဲ့နေရာ ဖြစ်ပါတယ်။ ဒီဒေသကို ကာကွယ်ထိန်းချုပ်ဖို့အရေး အထူးပဲ အားစိုက် ဆောင်ရွက်နေပါတယ်။ ဖြစ်ပွားတဲ့ဟာကိုတော့ မဖြစ်ပွားအောင် လုပ်လို့မရဘူး။ မပြန့်ပွားအောင်တားတဲ့ လုပ်ငန်းတွေ ဆောင်ရွက်တာပေါ့။ ရောဂါကို ရှာဖွေဖေါ်ထုတ်တဲ့အခါ ဒီဒေသမှာ နေမကောင်းဖြစ်တဲ့ ဝက်ဆီကနေ ရရှိတဲ့ နမူနာပစ္စည်းတွေကို  ရန်ကုန်နဲ့ မန္တလေးကို ပို့ရတယ်၊ ရောဂါပိုးကို ပျိုးပြီး ဖေါ်ထုတ်ရတဲ့အတွက် ပထမပိုင်းကာလမှာ ကြန့်ကြာတယ်ပေါ့၊ နောင်မဖြစ်အောင် လည်း စီစဉ်လျက်ရှိပါတယ်၊ ရှေးပြေးဖေါ် ထုတ်နိုင်တဲ့ ဓါတ်ခွဲစခန်း တစ်ခုကို ကျိုင်းတုံမှာ တည်ဆောက်သွားမယ်၊ ဒါ့အပြင် ရောဂါကို အလွယ်တကူ အနီးစပ်ဆုံး ခန့်မှန်းနိုင်တဲ့ စစ်ဆေးချက်စနစ် လုပ်ငန်းစဉ် တွေကို ဆောင်ရွက်လျက်ရှိပါတယ်။

 

ရှမ်းအရှေ့ တာချီလိတ်ဒေသရဲ့ အကြောင်းကို ပြောရရှင်တော့ ဒီဘက်ဒေသမှာ မိုင်းယောင်းနဲ့ မိုင်းဖြတ်ပေါ့။ အထူးဒေသ(၄) မှာတွေ့ရှိတဲ့အတွက် ကြောင့် ကျွန်တော်တို့က ရှမ်းပြည်နယ်၊ အရှေ့ခြမ်းကို ရောဂါဖြစ်ပွားထားသော ကလပ်(Class)အဖြစ် သတ်မှတ်လိုက်တယ်၊ ဒီဘက်မှာ တခြားနဲ့မတူတဲ့ ရောဂါ  ဖြစ်လာရင် ကာကွယ်ထိန်းချုပ်တဲ့ လုပ်ငန်းစဉ်တွေကို ဆက်တိုက်လုပ်သွားမှာ ဖြစ်တယ်။ 

 

မေး။ ။ ရှမ်းပြည်နယ်အတွင်း ပြည်သူတွေ စားသုံးမှု ကျဆင်းသွားတယ်လို့ ကြားပါတယ်၊ စားသုံးမှုအပေါ် အန္တရာယ်ရှိ၊ မရှိ သိပါရစေ

ဖြေ။ ။ လူအတွက် ဘာမှအန္တရာယ်မရှိဘူး သို့သော်လည်းဘဲ တစ်ခုခုဖြစ်လာရင်တော့ လူတွေက ကြောက်ကြတယ်။ ဒါကြောင့် စားသုံးမှုမှာ တစ်လျှောက်ကျဆင်းသွားတယ်။ စားသုံးမှုကျဆင်းခြင်း အကျိုးဆက်ကြောင့် မွေးမြူသူမှာလည်း ထိခိုက်စေတယ်။ ဘာဖြစ်လာလည်းဆိုတော့ ရောဂါများဖြစ်နေမလား၊ ဖြစ်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ သံသယက ရှိသွားတယ်။ မစားသုံးတော့ ဈေးကွက်ထဲမှာ အရောင်းအဝယ်ကလည်းမဖြစ်၊ မွေးမြူသူ ကြားထဲမှာလည်း မိမိထုတ်ကုန်ပစ္စည်းတွေကို ဈေးကွက်ပျောက်သွားတယ်။ အဲဒီတော့ မွေးမြူထုတ်လုပ်မှု အားပါကျသွားတယ်။ ဒါကို ပြန်လည်ထူထောင်တယ်ဆိုတာ လနဲ့ချီ ကြာတယ်။ အစောတလျင် ပြန်လည်ထူထောင်ဖို့က အခက်အခဲရှိပါတယ်။

 

ဝက်သားကတော့ ပြည်သူလူထု ယုံယုံကြည်ကြည်စားလို့ရပါတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ လူကိုလည်းမကူးဘူး၊ ထူးရှားသော အန္တရာယ်လည်း မကူးဘူး၊ ရောဂါပိုးက အသက်ပြင်းတယ်၊ ဝက်သားတွေ စားတဲ့အခါမှာ ဂရုစိုက်စားဖို့၊ လူမှာ အန္တရာယ်မရှိနိုင်ပေမယ့် တကယ်လို့ စားခဲ့ရင် စားပြီးလွှင့်ပစ်တဲ့ အကြွင်းအကျန်တွေကနေ ကူးစက်နိုင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ မွေးမြူရေးစနစ်မှာက စားကြွင်းစာကျန်တွေကို ကျွေးတာများပါတယ်။ ပညာပေးလုပ် ငန်းတွေကိုလည်း လုပ်နေပါတယ်။

 

ဒီရောဂါရဲ့ထူးခြားချက်က အေးခဲအသားတွေမှာ အကြာကြီးနေနိုင်တယ်၊ ရောဂါပိုးက မပျက်စီးလွယ်ဘဲ အကြာကြီးနေနိုင်တဲ့အတွက် တားဆီးရာမှာ ရင်ဆိုင်ရတဲ့ အခက်အခဲတစ်ခုပါ။ ဒါကြောင့် တရုတ်နှင့် ထိုင်းနိုင်ငံက အေးခဲအသားတွေကို မြန်မာနိုင်ငံကို တင်သွင်းခွင့် မပြုတာဖြစ်ပါတယ်။ ရှမ်းပြည်နယ် အနေနဲ့ အခုအတိုင်းဆို ထိန်းချုပ်နိုင်တဲ့ အနေအထားရှိပါတယ်။ ပြန်လည်ထူထောင်ရေးက အခုချိန်မှာ စလို့ မရသေးဘူး၊ ရောဂါကို ထိန်းနိုင်တာ ဘဲရှိတယ်၊ ရောဂါရှင်းသွားပြီလို့ မပြောနိုင်ဘူး၊ အဲဒီတော့ ရောဂါရှင်းတဲ့ ကာလကို စောင့်ရပါဦးမယ်။

 

မေး။ ။    ဘယ်အတိုင်းအတာထိ ကြိုတင်ပြင်ဆင်မှုတွေ ရှိနေပြီးလည်း ရှင်းပြပေးပါဦး။

ဖြေ။ ။    ပြည်သူတွေအားလုံးက တက်ညီလက်ညီ ဝိုင်းဝန်းဖြေရှင်းမှသာ ကိုယ်လျှောက်မယ့် လမ်းကို ပုံမှန်လျှောက်နိုင်မှာဖြစ်တယ်။ ကျွန်တော်တို့ အဓိက တာဝန်ကတော့ ပြည်သူလူထု ပညာပေးလုပ်ငန်းပါ၊ ပြည်သူလူထု သိဖို့လိုသလို၊ ပြည်သူလူထု ကိုယ်တိုင်လည်း ပါဝင်လာဖို့လိုပါတယ်။ ဒါကြောင့် ပြည်သူ လူထု ပညာပေးလုပ်ငန်းတွေကို အထူးအားစိုက် ဆောင်ရွက်လျက်ရှိပါတယ်။ ကြိုတင်ကာကွယ်မှုကို လုပ်ရမယ်၊ ဖြစ်ပေါ်လာရင် ရင်ဆိုင်ရမယ့် အခြေအနေနဲ့ လုပ်ရမယ် လုပ်ငန်းစဉ်တွေကို ကွဲကွဲပြားပြားနဲ့ သေသေချာချာ ရှင်းရှင်းလင်းလင်းဆောင်ရွက်သွားဖို့လည်း စီစဉ်ထားပါတယ်။

 

ရှမ်းပြည်နယ်အရှေ့ခြမ်းမှာ တွေ့ကြုံရတဲ့ နမူနာဟာ ဒီဘက်မှာတော့ ခံစားလိုက်ရတာဖြစ်ပေမယ့်  ကျွန်တော်တို့ တိုင်းပြည်အတွက် အများကြီး ပညာရပါတယ်။ ဒါကိုအခြေခံပြီး အခြားခြားသော ဒေသတွေမှာ ဆောင်ရွက်မယ့် လက်တွေ့လုပ်ငန်းစဉ်တွေကို စနစ်တကျ ဆောင်ရွက်လို့ရမယ်၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းမှာလည်း ရှမ်းပြည်နယ်အရှေ့ခြမ်းမှာရှိတဲ့ လုပ်ငန်းစဉ်တွေမှာ အဆင့်ခြင်း၊ အဆင့်ခြင်း ပြန်လည်ထူထောင်ဖို့ လိုသလို၊ ဝက်မွေးတဲ့အခါ စနစ်တကျ ပြည်သူလူထု ဈေးကွက်ထဲ့အထိ ရောက်တဲ့လုပ်ငန်းစဉ်တွေကို ဆောင်ရွက်သွားဖို့ ကြိုတင်ပြင်ဆင်လျက်ရှိပါတယ်။

 

ဒီဒေသမှာ ရောဂါကင်းရှင်းပြီး ပြန်လည်ထူထောင်ရေးလုပ်ပြီဆိုရင် ကျွန်တော်တို့ တက်ညီလက်ညီနဲ့ နိုင်ငံတော်ကလည်းပါ၊ ပုဂ္ဂလိက အခန်းကဏ္ဍ လည်းပါ၊ ရင်းနှီးမြုပ်နှံမှုတွေ ပါဝင်တဲ့ လုပ်ငန်းစဉ်တွေ ကြိုးပမ်းဆောင်ရွက်သွားဖို့ ရှိသလို၊ အဲဒီအတွက်လည်း ပြင်ဆင်လျက်ရှိပါတယ်။

အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

 

မြင့်မိုရ်(တာချီလိတ်)