ရန်ကုန် နိုဝင်ဘာ ၂၈
“၂ဝ၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ်ဖူဆယ် (အမျိုးသား) ပြိုင်ပွဲ” ကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏဖူဆယ်ရုံ၌ ကျင်းပသည်။
အဆိုပါပြိုင်ပွဲကို ဖူဆယ်အားကစားအဆင့်အတန်း ပိုမိုဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရေးနှင့် မျိုးဆက်သစ်ဖူဆယ်အားကစားသမားများ ပေါ်ထွက်လာစေရေးရည်ရွယ်ပြီး အားကစားရေးရာဝန်ကြီးဌာနကကြီးမှူး၍ အားကစားနှင့်ကာယပညာဦးစီးဌာန မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပပေးခြင်းဖြစ်ကြောင်း သိရသည်။
ယနေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် ဖူဆယ် (အမျိုးသား) ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကို ယှဉ်ပြိုင်ကြရာ မန္တလေးတိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီးအသင်းကို ငါးဂိုး-ဂိုးမရှိဖြင့် လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် ရခိုင်ပြည်နယ်အသင်းတို့က တစ်ဖက်နှစ်ဂိုးစီ သရေရလဒ်ဖြင့်လည်းကောင်း၊ ချင်းပြည်နယ်အသင်းက မွန်ပြည်နယ်အသင်းကို လေးဂိုး-သုံးဂိုးဖြင့် လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့်လည်းကောင်း အနိုင်ရရှိကြသည်။
၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂၉ ရက်တွင် ပြိုင်ပွဲတစ်ရက် ရပ်နားမည်ဖြစ်ပြီး နိုဝင်ဘာ ၃၀ ရက် နံနက် ၈ နာရီခွဲမှစ၍ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်သုဝဏ္ဏဖူဆယ်ရုံ၌ တိုင်းဒေသကြီးနှင့်ပြည်နယ် ဖူဆယ် (အမျိုးသား) ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များအဖြစ် အုပ်စု(က)ပထမ မန္တလေးတိုင်းဒေသကြီးအသင်းနှင့် အုပ်စု(ဂ) ဒုတိယ ကချင်ပြည်နယ်အသင်း၊ အုပ်စု (ခ) ပထမ ရှမ်းပြည်နယ်အသင်းနှင့် အုပ်စု (ဃ) ဒုတိယ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်း၊ အုပ်စု (ဂ) ပထမ ရခိုင်ပြည်နယ်အသင်းနှင့် အုပ်စု (က) ဒုတိယ ရန်ကုန်တိုင်းဒေသကြီးအသင်း၊ အုပ်စု (ဃ) ပထမ ပဲခူးတိုင်းဒေသကြီးအသင်းနှင့် အုပ်စု (ခ) ဒုတိယ စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့ ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ကာ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို “အခမဲ့” လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


