နေပြည်တော် နိုဝင်ဘာ ၂၈
မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုံးဝအခြေမပြုနိုင်စေရေးအတွက် အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ တက်ကြွစွာဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များသည်လည်း အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းများနှင့် နိုင်ငံအတွင်းသို့ ပြည်ပနိုင်ငံသားများ တရားမဝင် ဝင်ရောက်နေထိုင်မှုမရှိစေရေးတို့ကို အသေးစိတ် စစ်ဆေးကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ စစ်ဆေးကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ဆန်ဆိုင်း (က) ရပ်ကွက်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၇ ရက် ည ၁၁ နာရီ မိနစ် ၄၀ အချိန်ခန့်က ဆန်ဆိုင်း (က) ရပ်ကွက်ရှိ Platinum Star Hotel သို့ သတင်းအရသွားရောက်စစ်ဆေးရာ အခန်းအမှတ် (၃၀၃) နှင့် အခန်းအမှတ် (၃၀၈) တို့၌ အွန်လိုင်းလောင်းကစားပြုလုပ်နေသည့် ထိုင်းနိုင်ငံသား အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၁၁ ဦး စုစုပေါင်း ၂၂ ဦးတို့ကို အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင်အသုံးပြုသည့် Laptop မျိုးစုံ ရှစ်လုံး၊ ဖုန်းမျိုးစုံ ၂၉ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူ ထိုင်းနိုင်ငံသားများအား စိစစ်မေးမြန်းချက်များအရ ၎င်းတို့သည် ထိုင်းနိုင်ငံရှိ ပြည်နယ်အသီးသီးတွင်နေထိုင်၍ ကျပန်းအလုပ်လုပ်ကိုင်ကြသူများဖြစ်ကြောင်း၊ စက်တင်ဘာလပထမပတ်ခန့်တွင် Line Appli-cation မှတစ်ဆင့် အလုပ်အကိုင်ရှာဖွေခဲ့ရာ ထိုင်းနိုင်ငံသား နင်ဖွန်ဆိုသူနှင့်သိရှိခဲ့ပြီး နင်ဖွန်မှ Online ပေါ်တွင် စာပြန်ပေးရသည့် အလုပ်ရှိကြောင်းနှင့် လုပ်ခလစာအဖြစ် ထိုင်းဘတ်ငွေ ၁၅၀၀၀ ပေးမည်ဖြစ်ကြောင်းပြောဆိုသဖြင့် လက်ခံခဲ့ကြောင်း၊ နင်ဖွန်မှ မြန်မာနိုင်ငံတာချီလိတ်မြို့ရှိ Platinum Star Hotel သို့ လာရောက်ရန်ပြောဆိုသဖြင့် မြန်မာ-ထိုင်းနယ်စပ် အမှတ် (၁) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ယာယီနယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ် (TBP) ဖြင့် တာချီလိတ်မြို့သို့ အသီးသီးဝင်ရောက်ခဲ့ကြောင်း၊ တာချီလိတ်မြို့သို့ ရောက်ရှိချိန်တွင် အသင့်စောင့်ဆိုင်းနေသည့် ထိုင်းနိုင်ငံသား တစ်ဦးမှ Platinum Star Hotel အခန်းအမှတ် (၃၀၃) နှင့် (၃၀၈) သို့ ခေါ်ဆောင်သွားသဖြင့် လိုက်ပါခဲ့ကြောင်း၊ ထို့နောက် အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင် အဆင်မပြေဖြစ်ပါက Line Account မှတစ်ဆင့် ပြန်လည်ဖြေကြားရှင်းလင်းပေးရသည့် ဝန်ဆောင်မှုလုပ်ငန်းအား လေ့လာသင်ယူကာ ၎င်းတို့၏ Online Website ဖြစ်သည့် UFABET888 နှင့် g2g888 တို့တွင် စာပြန်ဖြေရသည့်အလုပ်ကို လုပ်ကိုင်ခဲ့ကြောင်း၊ တရားမဝင်အွန်လိုင်းလောင်းကစား လုပ်ကိုင်ရမှုအနေဖြင့် UFABET888 နှင့် g2g888 အွန်လိုင်းလောင်းကစားဂိမ်း website များတွင် Customer Service အဖြစ် ဆောင်ရွက်ပေးရ ခြင်းဖြစ်ကြောင်း၊ Telegram နှင့် Viber တို့မှ AI Chat Bot စနစ်ဖြင့် အာရုံစိုက်မှုရရှိစေမည့် စာတိုများပေးပို့ရကြောင်း၊ ပစ်မှတ်မှစာပြန်သောအခါ အွန်လိုင်းလောင်းကစား link များချပေးကာ ဆော့ကစားစေရန် ဆွဲဆောင်စည်းရုံးခြင်း၊ Website အသုံးပြုပုံအား ရှင်းပြခြင်း၊ ငွေသွင်းနည်းလမ်းများနှင့် ယူနစ်ဖြည့်သွင်းမှုတို့အား စစ်ဆေးပေးခြင်း၊ Account နှင့် Password/ OTP ပြဿနာများဖြေရှင်းပေးခြင်း၊ လောင်းကြေးမှတ်တမ်းစစ်ဆေးပေးခြင်း၊ အဆင်မပြေမှုများအား မှတ်တမ်းတင်၍ နေ့စဉ် Report ပြုစုခြင်းတို့ကို ဆောင်ရွက်ပေးရကြောင်း၊ ငွေလက်ခံခြင်းနှင့် အလျော်အစားပြုလုပ်ခြင်းအပိုင်းများအား ဆောင်ရွက်ရမှုမရှိကြောင်းနှင့် လစာအနေဖြင့် တစ်ဦးလျှင် ထိုင်းငွေ ဘတ် ၁၅၀၀၀ ရရှိကြောင်း သိရှိရသည်။
အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်ခဲ့သည့် ဖမ်းဆီးရမိသူများအား လိုအပ်သည့်စစ်ဆေးမှုများဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
၁၀၀


