ရန်ကုန် နိုဝင်ဘာ ၂၈
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကကြီးမှူးကျင်းပသည့် “ရုပ်ရှင်အနုပညာဆိုင်ရာမူပိုင်ခွင့်အသိပညာပေးနှင့် လက်တွေ့အသုံးချရေးဆွေးနွေးပွဲ”ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ဝဇီရာဂုဏ်ပြုခံကဇာတ်ရုံ၌ ကျင်းပသည်။
ဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်က စာပေ၊ ရုပ်ရှင်၊ အနုပညာ၊ ယဉ်ကျေးမှုနှင့်ဆက်နွှယ်ပြီး အဓိကကျသည့် မူပိုင်ခွင့်ဆိုင်ရာဆွေးနွေးပွဲကျင်းပနိုင်သည်မှာ အနုပညာလောကအတွက် အကျိုးရှိသည့်ခြေလှမ်းတစ်ခုပင်ဖြစ်ပါကြောင်း၊ အားလုံးသိကြသည့်အတိုင်း ယနေ့အချိန်တွင် ရုပ်ရှင်ရိုက်ကူးထုတ်လုပ်မှုနှင့် ရုံတင်ပြသမှုများသည် အရှိန်အဟုန်ရနေပြီဖြစ်ကြောင်း။
ပြဋ္ဌာန်းထား
ခေတ်မီဆန်းသစ်သည့် ရုပ်ရှင်ထုတ်လုပ်မှုနှင့် နည်းပညာတိုးတက်လာသည့် ယနေ့ကာလတွင် ဉာဏပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ ဥပဒေရေးရာကာကွယ်မှုများသည် မရှိမဖြစ်လိုအပ်လာပါကြောင်း၊ တိုးတက်လာသည့် နည်းပညာများနှင့်အတူ မူပိုင်ခွင့်ကိုထိခိုက်စေသည့် လုပ်ဆောင်မှုများလည်းရှိလာသည့်အတွက် ဥပဒေရေးရာကာကွယ်မှုလိုအပ်နေခြင်းကြောင့် နိုင်ငံတော်မှ မူပိုင်ခွင့်ဆိုင်ရာဥပဒေလေးရပ်ကို ပြဋ္ဌာန်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ရုပ်ရှင်အပါအဝင် အနုပညာရှင်များအတွက် အကာအကွယ်ပေးနိုင်သည့် ပြဋ္ဌာန်းချက်များပါဝင်ပြီး မူလလက်ရာရှင်ဖြစ်ကြောင်း တောင်းဆိုခွင့်၊ အမည်ဖော်ပြခွင့်အပြင် မိမိ၏ဂုဏ်သိက္ခာထိခိုက်စေမည့် လက်ရာကိုချို့ယွင်းစေခြင်း၊ ပြုပြင်ခြင်း၊ ပျက်စီးစေခြင်းတို့ကို ကန့်ကွက်နိုင်သည့် အခွင့်အရေးများပါ ထည့်သွင်းပြဋ္ဌာန်းထားသည်ကို တွေ့ရပါကြောင်း။
ဆွေးနွေးပွဲမှရရှိလာသည့် အချက်အလက်၊ အကြံပြုချက်များကိုအခြေခံကာ ရုပ်ရှင်အနုပညာ အတတ်ပညာ ဖန်တီးမှုအစီအစဉ်များတွင် အကျိုးရှိအောင်လက်တွေ့အသုံးချအကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် နည်းလမ်းများထွက်ရှိလာမည်ဟု မျှော်လင့်ပါကြောင်း၊ ယနေ့ရုပ်ရှင်ရုံများတွင်ပြသနေသည့် ရုပ်ရှင်ဇာတ်ကားများသည် အမျိုးသားအကျိုးစီးပွား၊ ယဉ်ကျေးမှုနှင့် လူ့အဖွဲ့အစည်းအေးချမ်းသာယာရေးတို့ကိုမထိခိုက်စေဘဲ ပြည်သူများအတွက်အကျိုးရှိစေမည့် ဇာတ်ကား၊ ဇာတ်လမ်း၊ ရိုက်ကူးမှု၊ သရုပ်ဆောင်မှုများ ပေါ်ပေါက်လာစေရန် ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်းပြောကြားပြီး စာတမ်းဖတ်ကြားကြမည့် စာတမ်းရှင်များနှင့် သဘာပတိတို့အား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် စာတမ်းဖတ်ပွဲကို ဆက်လက်ကျင်းပရာ သုတေသနပညာရှင် ဦးကျော်ဦးက သဘာပတိအဖြစ် ဆောင်ရွက်ပြီး ညွှန်ကြားရေးမှူး ဒေါက်တာ နွယ်ရည်ဝင်းက “ရုပ်ရှင်ဖန်တီးမှုနှင့်ဉာဏပစ္စည်းမူပိုင်ခွင့်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဦးမောင်မောင် (မော်ကျွန်း) စာရေးဆရာကြည်ရွှန်းက “ရုပ်ရှင်ထုတ်လုပ်သူ၏ ဥပဒေရေးရာ တာဝန်ခံမှုနှင့် မူပိုင်ခွင့်ဆိုင်ရာစီမံခန့်ခွဲမှု” ခေါင်းစဉ်ဖြင့်လည်းကောင်း ဖတ်ကြားဆွေးနွေးကြသည်။
ဆွေးနွေးပွဲတွင် ရုပ်ရှင်လောကသားများ၊ ထုတ်လုပ်သူများ၊ လုပ်ငန်းခွင်လက်တွေ့ရင်ဆိုင်ကြုံတွေ့နေရသည့် ဥပဒေအကြောင်းအရာများ ရုပ်ရှင်ဖန်တီးမှုနှင့် ဉာဏပစ္စည်းမူပိုင်ခွင့်နှင့်ပတ်သက်သည့် အကြောင်းအရာများကို နိုဝင်ဘာ ၂၉ ရက်အထိ နှစ်ရက်တာဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


