သာစည်ဘူတာအား အသစ်တည်ဆောက်လျက်ရှိပြီး မိတ္ထီလာမြို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းအား မီးရထားနှင့်ပို့ဆောင်ရေးသိပ္ပံအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်သွားမည်


နေပြည်တော် နိုဝင်ဘာ ၂၈

 

သာစည်ဘူတာအား အသစ်တည်ဆောက်လျက်ရှိပြီး မိတ္ထီလာမြို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းအား မီးရထားနှင့် ပို့ဆောင်ရေးသိပ္ပံအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ထိုသို့ ဆောင်ရွက်နေမှုကို ယမန်နေ့က ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးသည် ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူးနှင့် အထွေထွေမန်နေဂျာများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် RBE ရထားဖြင့် နေပြည်တော်-သာစည် ရထားလမ်းပိုင်းတစ်လျှောက်ရှိ ရထားလမ်း၊ တံတားနှင့် ဘူတာများ ကြံ့ခိုင်မှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး သာစည်ဘူတာ၌ ဘူတာအသစ်တည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးရာ တည်ဆောက်ရေးစီမံကိန်းတာဝန်ခံက ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက foundation လုပ်ငန်းများ စနစ်တကျဆောင်ရွက်ရန်၊ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအမီ ပြီးစီးရေး၊ Waiting Shed များအား Platform အပြည့်တိုးချဲ့တည်ဆောက်ရေးနှင့် ဘူတာယာဒ်ဝင်းအား လွယ်ကူစွာ ဖြတ်သန်းသွားလာနိုင်မည့် လူကူးခုံးကျော်တံတားတည်ဆောက်ရေးလုပ်ငန်းများကို ဘူတာသစ်အဆောက်အအုံနှင့် လိုက်လျောညီထွေသည့် ဒီဇိုင်းပုံစံဖြစ်စေရေးတို့ကို မှာကြားသည်။

 

ဆက်လက်၍ သာစည်ဘူတာအဝင်လမ်းအား စည်ပင်သာယာရေးကော်မတီ၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖောက်လုပ်ရန်၊ လမ်းတစ်ဖက်စီ၌ လူသွားလမ်းပလက်ဖောင်းနှင့် ရေနုတ်မြောင်းများ ဖောက်လုပ်ရန်၊ လျှပ်စစ်မီးတိုင်များ စနစ်တကျပြန်လည်စိုက်ထူရန်တို့ကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးဌာနများသို့ မှာကြားသည်။

 

ထို့ပြင် မြန်မာ့မီးရထားအနေဖြင့် ရထားပိုင်နယ်မြေနှင့် ဘူတာယာဒ်ဝင်းများအား ခြံစည်းရိုးကာရံ၍ သာစည်ဘူတာအဝင်နေရာတွင် အများပြည်သူ စိတ်လက်အပန်းဖြေလေ့လာကြည့်ရှုနိုင်ရန် အလှပြ ရေနွေးငွေ့စက်ခေါင်းထားရှိမည့် ပန်းခြံတည်ဆောက်ရန်၊ သာစည်ဘူတာ ပလက်ဖောင်းရှိ ရထားရဲစခန်းအား ပြန်လည်နေရာချထားမည့် အဆောက်အအုံ၌ ရဲစခန်းအင်္ဂါရပ်နှင့်အညီ စနစ်တကျ အပြီးပြောင်းရွှေ့ ဆောင်ရွက်ရန်၊ ရထားလိုက်ဝန်ထမ်းများ နားနေရိပ်သာနှင့် ဝန်ထမ်းအိမ်ရာများ ကောင်းမွန်အောင်ပြုပြင်ရန်၊ ခြံစည်းရိုးနှင့်လမ်းများ စနစ်တကျ ဖောက်လုပ်ရန် လမ်းညွှန်မှာ ကြားသည်။

 

မွန်းလွဲပိုင်းတွင် မိတ္ထီလာမြို့ရှိ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းသို့ ရောက်ရှိပြီး သင်ကြားလေ့ကျင့်ရေးခန်းမဆောင်၌ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ၊ နည်းပြများအားတွေ့ဆုံ၍ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်ဖြစ်သည့် ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းအား မီးရထားနှင့် ပို့ဆောင်ရေးသိပ္ပံကျောင်းအဖြစ် အဆင့်မြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်မည့်အစီအမံများကို ကျောင်းအုပ်ကြီးက ရှင်းလင်းတင်ပြချက်အပေါ် ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက်မှာကြားပြီး မြန်မာ့ မီးရထားဌာနမှ ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များအပေါ် အသေးစိတ်မှာကြားသည်။

 

ထို့နောက် ကျောင်းအတွင်းရှိ အောင်ဆန်းခန်းမ၌ ဆရာ ဆရာမများ၊ နည်းပြများ၊ သင်တန်းသား/ သင်တန်းသူများနှင့်တွေ့ဆုံ၍ သင်တန်းသားများအနေဖြင့် ဝန်ထမ်းများဖြစ်သည့်အတွက် ဝန်ထမ်းဘဝကိုသစ္စာရှိရန်၊ မိမိအဖွဲ့အစည်းအပေါ်သစ္စာရှိရန်နှင့် နိုင်ငံတော်အပေါ်သစ္စာရှိရန်၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများနှင့် ကျင့်ဝတ်များကို တိကျစွာလိုက်နာ ရန်၊ နောင်တွင် သင်တန်းကျောင်းမှသည် အဆင့်မြင့်သိပ္ပံကျောင်းအဖြစ် ဒီပလိုမာများ ပေးအပ်သွားမည်ဖြစ်၍ သင်တန်းမှ ပို့ချသည့်ဘာသာရပ်များအား ကြိုးစားသင်ယူရန်မှာကြားပြီး ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်