နေပြည်တော် နိုဝင်ဘာ ၂၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဗီယက်နမ်နိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်သည့် (၁၂) ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု (CLMV) ထိပ်သီးအစည်းအဝေးနှင့် (၁၁) ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ (ACMECS) ထိပ်သီးအစည်းအဝေး အောင်မြင်စွာကျင်းပပြီးစီးမှု အထိမ်းအမှတ်အဖြစ် ယနေ့ ညပိုင်းတွင် ဟနွိုင်းမြို့ရှိ Melia Hanoi ဟိုတယ်၌ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ်က တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ တက်ရောက်သည်။
အဆိုပါ ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင် အဖွဲ့ဝင်များအဖြစ် လိုက်ပါသွားသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လေမင်ဟုန်၊ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက်ဟွန်မာနက်၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဆလုံဆေးကိုမာဆစ်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင်ချာဝီရကွန်၊ အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာ ကောင်ကင်ဟွန်း၊ ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးမှု မိတ်ဖက်နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ညစာစားပွဲ အခမ်းအနားပြုလုပ်မည့်နေရာသို့ သွားရောက်ရာ ဗီယက်နမ်နိုင်ငံယဉ်ကျေးမှုအဖွဲ့က ကြိုဆိုနှုတ်ဆက်ပြီး နိုင်ငံတော်သမ္မတနှင့် တက်ရောက်လာကြသူများက ခင်းကျင်းပြသထားသည့် ဗီယက်နမ်ရိုးရာအစားအစာများကို ကြည့်ရှုကြသည်။
ထို့နောက် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ရာ ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။ ယင်းနောက် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ကြသည်။
ဂုဏ်ပြုညစာ မသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း ဗီယက်နမ်နိုင်ငံ ယဉ်ကျေးမှုအဖွဲ့က ဗီယက်နမ်နိုင်ငံရိုးရာတေးသီချင်းများ၊ အကအလှများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


