နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လာအိုနိုင်ငံဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေး


နေပြည်တော် နိုဝင်ဘာ ၂၈

 

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဒေသစံတော်ချိန် ညနေ ၅ နာရီခန့်တွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဆလုံဆေးကိုမာဆစ်နှင့် တွေ့ဆုံဆွေးနွေးသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင် အဖွဲ့ဝင်များအဖြစ် လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ်နှင့်အတူ လာအိုအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-လာအို နှစ်နိုင်ငံသည် အိမ်နီးချင်းကောင်းနိုင်ငံ၊ မိတ်ဆွေနိုင်ငံ၊ ညီအစ်ကိုနိုင်ငံများဖြစ်ကြပြီး နှစ်နိုင်ငံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးနိုင်ငံနှင့် နီးကပ်သော ယုံကြည်စိတ်ချရသည့် မိတ်ဖက်နိုင်ငံများဖြစ်မှု အခြေအနေများ၊ နှစ်နိုင်ငံသည် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (CLMV)၊ မဟာမဲခေါင်ဒေသခွဲအဖွဲ့ (GMS)၊ ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု မဟာဗျူဟာအဖွဲ့ (ACMECS) တို့တွင်လည်း အဖွဲ့ဝင်နိုင်ငံများဖြစ်မှု အခြေအနေများနှင့် နှစ်နိုင်ငံရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုတိုးတက်အောင် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ၊ မြန်မာနိုင်ငံတွင် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်၍ ပြည်သူများက ယုံကြည်စွာဖြင့် ရွေးချယ်တင်မြှောက်ထားသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရအဖွဲ့၏ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေး ဆောင်ရွက်လျက်ရှိမှုအပေါ် လာအိုနိုင်ငံအနေဖြင့် ခိုင်မာစွာယုံကြည်၍ နိုင်ငံတကာနှင့် အာဆီယံအဖွဲ့အတွင်း မြန်မာနိုင်ငံဘက်မှ ရပ်တည်ဆောင်ရွက်ပေးလျက်ရှိမှု အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံပဋိညာဉ်နှင့်အညီ အာဆီယံအဖွဲ့အတွင်း အကောင်းဆုံးဖြစ်အောင် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများ၊ မြန်မာနိုင်ငံ၏အရေးကို မြန်မာပြည်သူများကသာ ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်ပြီး နိုင်ငံ၏ပြည်တွင်းရေးကို အခြားနိုင်ငံများက ဝင်ရောက်စွက်ဖက်ခြင်းသည် ပြည်သူများ၏ အခွင့်အရေးကို ထိခိုက်စေသည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍနှင့် အခြားကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ အွန်လိုင်းငွေကြေးလိမ်လည်မှု တိုက်ဖျက်ရေးနှင့် မူးယစ်ဆေးဝါး တားဆီးကာကွယ်နှိမ်နင်းရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

 

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် လာအိုနိုင်ငံဝန်ကြီးချုပ်တို့သည် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် နှစ်နိုင်ငံမှ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်