ဖလမ်း နိုဝင်ဘာ ၂၇
ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက တောင်ဇလပ်ရိပ်သာ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ကျော်ကျော်ဟန်က ဖလမ်းမြို့တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးသွားသည့် ဒေသခံပြည်သူ့နေအိမ်အချို့နှင့် နေရပ်ပြန်လာသူများအား အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး ရန်ပုံငွေဖြင့် ထောက်ပံ့သည့် အစီအစဉ်များ ဆောင်ရွက်ခဲ့ကြောင်း၊ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးသွားသည့် ဌာနဆိုင်ရာ အဆောက်အအုံများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ရန်ပုံငွေဖြင့် ပြင်ဆင်လျက်ရှိရာ အဆောက်အအုံ ပြန်လည်ပြုပြင်သည့်လုပ်ငန်း ၂၀၈ ခု အနက် ရာနှုန်းပြည့်ပြီးစီးသည့် လုပ်ငန်းပေါင်း ၂၀၁ ခု ဖြစ်ကြောင်း၊ ကျန်ရှိသည့် လုပ်ငန်းခုနစ်ခုအား အချိန်မီပြီးစီးနိုင်ရေးနှင့် လုပ်ငန်းအရည်အသွေး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရေး ပူးပေါင်းကြီးကြပ်ရန် လိုအပ်ကြောင်း၊ ဆိုလာတပ်ဆင်ခြင်းလုပ်ငန်း ခြောက်ခု ရှိပြီး လုပ်ငန်းအားလုံး ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အကျိုးရှိရှိ အသုံးပြုနေကြသည်ကို တွေ့ရကြောင်း၊ သက်ဆိုင်ရာဌာနများအလိုက် မိမိတို့ဌာနအလိုက် လစ်လပ်ဝန်ထမ်းအင်အားများ ဖြည့်တင်းကာ လုပ်ငန်းများ ပုံမှန် လည်ပတ်ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရန် မှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီး ဗိုလ်မှူးကြီးခင်မောင်ထွေးနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် အကြီးစားပျက်စီးသွားသည့် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ ပျက်စီးဆုံးရှုံးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ ဆယ်တင်ပစ္စည်းများ အလေအလွင့်မရှိစေရေး စနစ်တကျသိမ်းဆည်းထားရှိရန်၊ ဝန်ကြီးဌာန ဖြည့်စွက်ရန်ပုံငွေ ဖြင့် ၂၀၂၆ ခုနှစ် ဒီဇင်ဘာလမှစတင်ကာ အကြီးစားပြင်ဆင်ရန် ခွင့်ပြုထားပြီးဖြစ်ရာ လုပ်ငန်းစတင်ဆောင်ရွက်ပါက လုပ်ငန်းအရည်အသွေးကောင်းမွန်ရေးနှင့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးကို သက်ဆိုင်ရာမှ ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းမှာကြားသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့ဝင်များသည် မြန်မာ့စီးပွားရေးဘဏ်၌ ရုံးလုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ဆိုလာတပ်ဆင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး အငြိမ်းစားလစာ လာရောက်ထုတ်ယူသည့် ပြည်သူများအား ရင်းရင်းနှီးနှီး အားပေးစကားပြောကြားကာ ခရိုင်ပညာရေးမှူးရုံး ဝန်ထမ်းအိမ်ရာ RC လေးခန်းတွဲ နှစ်ထပ် ပြုပြင်နေမှုကို ကြည့်ရှုစစ်ဆေး၍ လုပ်ငန်းအမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်ရန် ညှိနှိုင်းမှာကြားကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


