နေပြည်တော် နိုဝင်ဘာ ၂၇
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF)တို့ ပူးပေါင်းဖွင့်လှစ်ခဲ့သည့် ဆန်စပါး ကြိတ်ခွဲထုတ်လုပ်ခြင်းဆိုင်ရာ စက်မှုနည်းပညာကာလတို သင်တန်းအမှတ်စဉ်(၁)နှင့် အမှတ်စဉ်(၂) သင်တန်းဆင်းပွဲနှင့် အသိအမှတ်ပြုလက်မှတ် (Certificate) ပေးအပ်ချီးမြှင့်ပွဲကို ယနေ့နံနက် ၉ နာရီတွင် အစိုးရစက်မှုလက်မှုသိပ္ပံ (နေပြည်တော်)၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် က နိုင်ငံတော်၏ ပို့ကုန် နှစ်ဆ တိုးမြှင့်ဆောင်ရွက်ရာတွင် အရေးကြီးသည့် ဆန်စပါးကြိတ်ခွဲထုတ်လုပ်ခြင်းကဏ္ဍ၌ ကျွမ်းကျင် လုပ်သားရှားပါးမှုကို ဖြည့်ဆည်းရန် ယခုသင်တန်းများကို ပူးပေါင်းဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ Academy-Industry Linkage ပူးပေါင်းဆောင်ရွက်မှု စံနမူနာကောင်းတစ်ခုအဖြစ် လူသားအရင်းအမြစ်များ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်သဖြင့် ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူငယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရရှိလာစေမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့အတူ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ဥက္ကဋ္ဌက သင်တန်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက အမှတ်စဉ် (၁) နှင့် အမှတ်စဉ်(၂)မှ သင်တန်းဆင်း သင်တန်းသား သင်တန်းသူများကို အသိအမှတ်ပြုလက်မှတ်များ ပေးအပ်ကြသည်။
အဆိုပါ သင်တန်းများကို ရန်ကုန်မြို့ရှိ စက်မှုနည်းပညာလေ့ကျင့်သင်ကြားရေး သင်တန်းကျောင်း (SITE) တွင် Certificate in Rice Processing Technology (Level-1) ကာလတို သင်တန်းကို သင်တန်းကာလ သုံးလဖြင့်လည်းကောင်း၊ Higher Certified Rice Processing Technology (Level- 2) ကာလတိုသင်တန်းကို သင်တန်းကာလ လေးလဖြင့်လည်းကောင်း ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို တွေ့ဆုံပြီး သင်တန်းများ ဆက်လက်ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


