ပျော်ဘွယ် နိုဝင်ဘာ ၂၇
ပြည်သူများ အသိပညာဗဟုသုတတိုးပွားရေးနှင့် ဒေသလူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို စာကြည့်တိုက် ဝန်ဆောင်မှုနှင့် ပြည်သူ့အကျိုးပြု မီဒီယာလုပ်ငန်းများဖြင့် ထိရောက်စွာ အထောက်အကူပြုစေရေး ကြိုးပမ်း ဆောင်ရွက်သွားကြရန် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းက ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံးရှိ ဝန်ထမ်းများနှင့် တွေ့ဆုံစဉ် မှာကြားသည်။
ထို့ပြင် ဝန်ကြီးဌာန၏ အဓိကလုပ်ငန်းတာဝန်ကြီး (၃) ရပ်ဖြစ်သည့် သတင်းအချက်အလက် မှန်ကန်မြန်ဆန်စွာ ပြန်ကြားပေးခြင်း၊ အသိပညာပေးခြင်းနှင့် အကျိုးရှိသော ဖျော်ဖြေမှုပေးစွမ်းခြင်းတို့ကို အလေးထားဆောင်ရွက်ရန်၊ ကျောင်းသားလူငယ်များ စာဖတ်သည့် အလေ့အကျင့်ကောင်းများစွဲမြဲစေရေး အခြေခံပညာကျောင်းများနှင့် ချိတ်ဆက်ကာ ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များ ပေါ်ထွန်းလာစေရေး ဝိုင်းဝန်းပြုစုပျိုးထောင်ပေးကြရန် မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများပေးအပ်ပြီး အဆိုပါရုံးရှိ ပြည်သူ့စာကြည့်တိုက်၊ ဒေသဆိုင်ရာပြတိုက်ငယ်၊ ကလေးစာဖတ်ခန်းတို့ကို ကြည့်ရှုစစ်ဆေးသည်။
တွေ့ဆုံပွဲအပြီးတွင် ပျော်ဘွယ်မြို့နယ် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် ဦးမောင်စိုးက စာကြည့်တိုက်အတွက် စာအုပ် ၁၅၄ အုပ်ကို ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူပြီး သိမှတ်ဖွယ်ရာ ဗဟုသုတအဖြာဖြာ(၂၀၂၆)၊ မြန်မာရေးရာ၊ ကမ္ဘာရေးရာနှင့် တိုင်းရင်းသားရေးရာစာအုပ်များကို အမှတ်တရလက်ဆောင် ပြန်လည်ပေးအပ်သည်။
ထိုမှတစ်ဆင့် မိတ္ထီလာမြို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံ၌ တာဝါတိုင်နှင့် ဂြိုဟ်တုစလောင်းများ တပ်ဆင်အသုံးပြုနေမှု၊ ရုပ်သံထုတ်လွှင့်စက်ပစ္စည်းများ စွမ်းအားပြည့်လည်ပတ်နေမှု၊ ရုပ်မြင်သံကြားနှင့် FM လိုင်းများ ထပ်ဆင့်ထုတ်လွှင့်ပေးနေမှု၊ ထပ်ဆင့်လွှင့်စက်များ စနစ်တကျ ထိန်းသိမ်းထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာများ မှာကြားကာ ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများ ပေးအပ်သည်။
အလားတူ မိတ္ထီလာမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ စာကြည့်တိုက်အတွင်း ကျောင်းသား ကျောင်းသူများ သုတ/ရသ စာအုပ်စာစောင်များ စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုနေမှုကို ကြည့်ရှုအားပေးပြီး ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင် အုပ်ရေ ၁၀၀ ကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးနှင့် စာကြည့်တိုက်မှူးတို့က လက်ခံရယူကြသည်။
ထို့အတူ မိတ္ထီလာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်၊ ကလေးစာဖတ်ခန်းနှင့် ဒေသဆိုင်ရာပြတိုက်ငယ်၊ ပြည်သူ့စာကြည့်တိုက်တို့ကို ကြည့်ရှုစစ်ဆေးပြီး မိတ္ထီလာခရိုင်ရုံးနှင့် မြို့နယ်ရုံးများမှဝန်ထမ်းများနှင့် တွေ့ဆုံကာ ဒေသတွင်းအခြေအနေမှန်များ၊ ဖွံ့ဖြိုးရေးလုပ်ငန်း များနှင့် ပြည်သူ့လိုအပ်ချက်များကို အစဉ်လေ့လာစောင့်ကြည့်၍ အချိန်နှင့်တစ်ပြေးညီ တိကျမှန်ကန်စွာ တင်ပြပေးပို့ကြရန်၊ ဒေသ၏အသံနှင့် ပြည်သူတို့၏ သဘောထားများကို သက်ဆိုင်ရာအဆင့်ဆင့် သိရှိစေရေးနှင့် သတင်းအရည်အသွေး ယုံကြည်စိတ်ချရမှု မြင့်မားစေရေး ဌာနဆိုင်ရာများနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် အဆိုပါရုံးရှိ ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာနှင့် ချီးမြှင့်ငွေများပေးအပ်ပြီး မိတ္ထီလာမြို့ မြို့နယ်စာရေးဆရာအသင်းမှ အဖွဲ့ဝင်များအား သိမှတ်ဖွယ်ရာဗဟုသုတအဖြာဖြာ (၂၀၂၆)၊ မြန်မာရေးရာ၊ ကမ္ဘာရေးရာနှင့် တိုင်းရင်းသားရေးရာ စာအုပ်များကို အမှတ်တရလက်ဆောင် ပေးအပ်သည်။
သတင်းစဉ်


