လက်ရှိကာလတွင် အကြောင်းအမျိုးမျိုးဖြင့် ကုန်စည်ဈေးနှုန်းများ မြင့်မားလာသည်ကို တွေ့ရမည်ဖြစ်သည်။ ကုန်စည်ဈေးနှုန်းကြီးမြင့်မှုကြောင့် လူမှုဘဝနယ်ပယ်တွင် အကျပ်အတည်း ဖြစ်ပေါ်စေသည်။ ကုန်ဈေးနှုန်း ကြီးမြင့်ရာတွင် စီးပွားရေးလုပ်ငန်းရှင်များ၊ ရောင်းဝယ်ဖောက်ကားလုပ်ကိုင်သူများနှင့် ဝင်ငွေမြင့်မားသော ပြည်သူများအနေဖြင့် အခက်အခဲမရှိနိုင်သော်လည်း အခြေခံပြည်သူများ၊ လက်လုပ်လက်စားများ၊ လခစားဝန်ထမ်းများ၊ အငြိမ်းစားများနှင့် ဝင်ငွေနည်းပြည်သူများအတွက် အခက်အခဲ အကျပ်အတည်းဖြစ်စေသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ကုန်စည်ဈေးနှုန်းတည်ငြိမ်စေရေးအတွက် နည်းလမ်းအမျိုးမျိုးဖြင့် အဘက်ဘက်မှ ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိသော်လည်း ကုန်ဈေးနှုန်းမှာ အတက်ဘက်တွင် ရှိနေဆဲဖြစ်သည်။
နိုဝင်ဘာ ၂၅ ရက်နေ့က ကျင်းပပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က “နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် လိုအပ်သည့် ဘဏ္ဍာငွေများရရှိစေရေး အခွန်ငွေများကောက်ခံရာတွင် အခွန်နှုန်းထား (Tax Rate) တိုးမြှင့်ခြင်းထက် အခွန်ကောက်မှုနယ်ပယ်(Tax Space)များ ကျယ်ပြန့်လာစေရေး အလေးထား ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အခွန်ကောက်ခံမှုနယ်ပယ် ကျယ်ပြန့်အောင် ဆောင်ရွက်နိုင်ခြင်းဖြင့် နိုင်ငံတော်ဝင်ငွေ တိုးတက်လာမည်ဖြစ်သကဲ့သို့ ဝန်ထမ်းလစာနှင့် အခြားလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက်လည်း အထောက်အကူဖြစ်လာစေမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
ဖွံ့ဖြိုးတိုးတက်သောနိုင်ငံများတွင် နိုင်ငံသူ နိုင်ငံသားများထံမှ အခွန်ဘဏ္ဍာငွေကို ကျယ်ကျယ်ပြန့်ပြန့် ကောက်ခံနိုင်သဖြင့် နိုင်ငံဖွံ့ဖြိုးရေးနှင့် လူမှုဘဝမြှင့်တင်ရေးကို အပြည့်အဝ ဆောင်ရွက်ပေးနိုင်သည်ကို တွေ့ရမည်ဖြစ်သည်။ ပြည်သူများအနေဖြင့် အခွန်ထမ်းဆောင်ခြင်းတာဝန်ကို ကျေပွန်စွာဆောင်ရွက်နိုင်သဖြင့် ပြည်သူများ၏ လူမှုဘဝမြင့်မားရေးကို နိုင်ငံတော်အစိုးရက ကျယ်ကျယ်ပြန့်ပြန့် မျှမျှတတ ဆောင်ရွက်ပေး နိုင်သည်။ ပြည်သူများကြားတွင် အခွန်ရှောင်သည့်အလေ့အထများ၊ တရားမဝင်လုပ်ငန်းများကြောင့် အခွန်ဘဏ္ဍာငွေများ ဆုံးရှုံးလျက်ရှိသည်။
စီးပွားရေးဆိုင်ရာနယ်ပယ်များ၌ လက်ရှိအချိန်တွင် နိုင်ငံခြားငွေလဲလှယ်မှု နှုန်းထားများအနေဖြင့် နှုန်းထားတစ်ခုတွင် ရောက်ရှိနေသည်ကို တွေ့မြင်နိုင်သည်။ နိုင်ငံတော်၏ ကုန်ထုတ်လုပ်ငန်းများ၊ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံခြင်းမပြုဘဲ နိုင်ငံခြားငွေကိုင်ထားသူများရှိကြပြီး တရားမဝင် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ၎င်းတို့၏ ငွေကြေးဈေးကစားမှုများကြောင့် ကုန်ဈေးနှုန်းကြီးမြင့်မှုများနှင့် ငွေကြေးလဲလှယ်နှုန်းမြင့်တက်ခြင်းများ ဖြစ်ပေါ်လျက်ရှိသည်။ ငွေကြေးတန်ဖိုးများနှင့်ပတ်သက်၍ ဖြစ်သင့်ဖြစ်ထိုက်သည့်နှုန်းထားများ ဖြစ်ရန်လိုသည်။ ဝင်ငွေနည်းသူများအနေဖြင့် စားရေးအဆင်ပြေစေရေး၊ ကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်သူများအနေဖြင့် လုပ်ငန်းများ စဉ်ဆက်မပြတ် လည်ပတ်နိုင်စေရေး၊ စိုက်ပျိုး မွေးမြူရေးဆောင်ရွက်သူများ ဝင်ငွေတိုးပွားစေရေး၊ နိုင်ငံ့ဝန်ထမ်းများ စားဝတ်နေရေးအဆင်ပြေစေရေး ဆောင်ရွက်ပေးသွားရမည်ဖြစ်သည်။
နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသများတွင် နေထိုင်ကြပြီး ထက်ဝက်ခန့်သည် စိုက်ပျိုး မွေးမြူရေးနှင့် သားငါးကဏ္ဍများတွင် လုပ်ကိုင်ဆောင်ရွက်နေကြသည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်ငန်းများ ပိုမိုတိုးတက်လာစေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများက ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ အမှန်တကယ် အလုပ်လုပ်ကြစေရေးအတွက်လည်း ဒေသဆိုင်ရာအစိုးရများက ဆက်လက်ကြပ်မတ် ဆောင်ရွက်သွားရန်လိုသည်။ ထုတ်ကုန်များရှိမှသာ ရောင်းကုန်များရှိမည်ဖြစ်ပြီး ထိုမှတစ်ဆင့် နိုင်ငံခြားဝင်ငွေများရရှိကာ နိုင်ငံ့စီးပွားတိုးတက်ရေးကို အထောက်အကူပြုမည်ဖြစ်သည်။
ပြည်ပသို့ ထုတ်ကုန်များ တင်ပို့ရောင်းချရာတွင် မြေပေါ်မြေအောက် သယံဇာတပစ္စည်းများကို တင်ပို့ခြင်းထက် ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်၍ ထုတ်ကုန်များတင်ပို့ခြင်းမှ နိုင်ငံအတွက် ရေရှည်တွင် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်သည်။ ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ တိုးတက်လာစေရေး အတွက် နိုင်ငံတော်က MSME လုပ်ငန်းများကို စဉ်ဆက်မပြတ် အားပေးဆောင်ရွက်လျက်ရှိသည်။ တစ်ဖက်တွင် အခွန်နှုန်းထား တိုးမြှင့်ကောက်ခံခြင်းထက် အခွန်ရှောင်မှုများကို ဖော်ထုတ်ရေး၊ အခွန်ကောက်ခံမှုနယ်ပယ်ကို ကျယ်ပြန့်စွာ ဖြစ်ထွန်းလာရေးအတွက် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။
နိုင်ငံတော်အနေဖြင့် နိုင်ငံ့ဝန်ထမ်းများ၏ လစာတိုးမြှင့်ပေးနိုင်ရေးအတွက် ချိန်ဆဆောင်ရွက်လျက်ရှိပြီး ဖြစ်ပေါ်လာနိုင်သည့် အခြေအနေအရပ်ရပ်ကို စနစ်တကျဖြစ်စေရေး တွက်ချက်ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံ့ဝန်ထမ်းများ၏ လစာနှုန်းထားများ တိုးမြှင့်ပေးမည်ဆိုပါက MSME လုပ်ငန်းများတွင် ဆောင်ရွက် လျက်ရှိသူများနှင့် စက်ရုံ၊ အလုပ်ရုံများ၊ ကုန်ထုတ်လုပ်ငန်းများရှိ လုပ်သားများနှင့် အငြိမ်းစားလစာ ခံစားနေသူများ အပါအဝင် ဘက်ပေါင်းစုံမှ တွက်ချက်ဆောင်ရွက်၍ နိုင်ငံသူ နိုင်ငံသားများ၏ လူမှုစီးပွားဘဝများ မျှမျှတတ ဖွံ့ဖြိုးတိုးတက်လာစေရန် နိုင်ငံ့ဝင်ငွေတိုးတက်ရရှိရေးကို အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။ ။
(ကြေးမုံ)


