နေပြည်တော် နိုဝင်ဘာ ၂၆
ပြင်ဦးလွင်ကော်ဖီစီမံကိန်း လုပ်ငန်းရှင်များ အနေဖြင့် စိုက်ပျိုးထားသည့် ကော်ဖီပင်များကို အပင် ဖြစ်ထွန်းအောင်မြင်မှုရှိအောင် ထိန်းသိမ်းပြုစုကြရန် လိုအပ်ကြောင်း၊ ထပ်မံကွင်းဆင်းစစ်ဆေး၍ ကော်ဖီပင်များ ဖြစ်ထွန်းအောင် စိုက်ပျိုးထားခြင်းမရှိပါက စာချုပ်ပါ စည်းမျဉ်းစည်းကမ်းများအတိုင်း လုပ်ကိုင်ခွင့် ရုပ်သိမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြင်ဦးလွင်ကော်ဖီစီမံကိန်း လုပ်ငန်းရှင်များကို ယနေ့တွေ့ဆုံဆွေးနွေး ပြောကြားသည်။
ယနေ့တွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရုံးအမှတ်(၄၃)ရှိ အစည်းအဝေးခန်းမ၌ မြေပြင်ကွင်းဆင်းစစ်ဆေးချက်အရ မြေဧရိယာအပြည့်အဝ မစိုက်ပျိုးဘဲ တစ်စိတ် တစ်ဒေသကိုသာ စိုက်ပျိုးထားသူလုပ်ငန်းရှင် ၁၁ ဦး နှင့် စိုက်ပျိုးထားသော်လည်း ဖြစ်ထွန်းအောင်မြင်မှု အားနည်းနေသူ လုပ်ငန်းရှင် ၅၆ ဦးတို့အား ခေါ်ယူတွေ့ဆုံ ဆွေးနွေး ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် တာဝန်ရှိသူများက လုပ်ငန်းရှင်များအား နည်းပညာ၊ မျိုးစေ့၊ ပျိုးပင်လိုအပ်ချက်များနှင့် အခြား အခက်အခဲများရှိပါက စိုက်ပျိုးရေးဦးစီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း ဆွေးနွေးပြောကြားပြီး လုပ်ငန်းရှင်များ၏ လုပ်ငန်းဆိုင်ရာ ဆွေးနွေး တင်ပြမှုများအပေါ် ရှင်းလင်းဖြေကြားပေးသည်။
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ကော်ဖီစီမံကိန်းဧရိယာအတွင်းရှိ ကော်ဖီစိုက်ပျိုးရန် လုပ်ကိုင်ခွင့်ချထားပေးသော မြေများအပေါ် စိုက်ပျိုးဆောင်ရွက်ထားမှု အခြေအနေကို မြေပြင်ကွင်းဆင်း စစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းကာ ၂၀၂၆ ခုနှစ် အောက်တိုဘာလမှ နိုဝင်ဘာလအထိ ကွင်းဆင်း စစ်ဆေးခဲ့ပြီး အချို့မှာ ဧရိယာပြည့် စိုက်ပျိုးထားမှုမရှိခြင်း၊ အချို့မှာ စိုက်ပျိုးထားသည် ဆိုယုံမျှသာ စိုက်ပျိုးထားခြင်းတို့ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
သတင်းစဉ်


