အာရှတွင်စံချိန်တင်မိုးရွာသွန်းမှုကြောင့် လူပေါင်း ၂၁၀၀ ကျော် သေဆုံးခဲ့ရသည့်ဖြစ်ရပ် တစ်နှစ်ပြည့်မြောက်

နိုဝင်ဘာ ၂၇

အင်ဒိုနီးရှား၊ ထိုင်းနှင့် သီရိလင်္ကာနိုင်ငံတို့တွင် စံချိန်တင်မိုးရွာသွန်းမှုကြောင့် လူပေါင်း ၂၁၀၀ ကျော် သေဆုံးခဲ့ရသည့် ဖြစ်ရပ်သည် ယခုလတွင် တစ်နှစ်ပြည့်မြောက်လာပြီ ဖြစ်သည်။

ထိုနိုင်ငံများအနက် အဆိုးရွားဆုံးထိခိုက်ခဲ့သည့် အင်ဒိုနီးရှားနိုင်ငံ၏ဒေသအချို့တွင် အစိုးရအပေါ် မကျေနပ်မှုများ တိုးပွားလာလျက်ရှိကြောင်းနှင့် သဘာဝဘေးဒဏ်ခံခဲ့ရသူများ၏ ဘဝများ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိစေရန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နှေးကွေးနေခြင်းကြောင့် ဖြစ်ကြောင်း ဖော်ပြထားသည်။

ယမန်နှစ် နိုဝင်ဘာလနှောင်းပိုင်းက စတင်ခဲ့သောမိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုနှင့် ရေကြီးမှုများ ဖြစ်ပွားခဲ့ပြီး ပြင်းထန်သော ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့သည်။

လူပေါင်း ၁၂၀၀ ကျော် သေဆုံးခဲ့သည့် အင်ဒိုနီးရှားနိုင်ငံ ဆူမာတြာကျွန်းတွင် အဓိကလမ်းများနှင့် တံတားများကဲ့သို့သော အခြေခံအဆောက်အအုံများကို ပြုပြင်ရန်လုပ်ငန်းများ ဆက်လက် လုပ်ဆောင်လျက်ရှိသော်လည်း ၎င်းတို့၏ နေအိမ်များနှင့် အလုပ်အကိုင်များ ဆုံးရှုံးခဲ့ရသူများ၏ ဘဝများကို ပြန်လည်တည်ဆောက်ရန်မှာမူ စိန်ခေါ်မှုတစ်ရပ်အဖြစ် ရှိနေဆဲဖြစ်သည်ဟု သိရသည်။

ဆူမားတြားကျွန်းမြောက်ပိုင်းတွင် မြေပြိုမှုများနှင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး ပျက်စီးသွားသော နေအိမ်များကို ယနေ့အချိန်အထိ ပြန်လည်ပြုပြင်ခြင်း မရှိသေးသောကြောင့် ဒေသခံများသည် ပြန်လည်အသုံးပြုနိုင်သည့် ပစ္စည်းဟောင်းများကို စုဆောင်းကာ ယာယီတဲများ ဆောက်လုပ်နေထိုင်ကြရပြီး ခက်ခဲကြမ်းတမ်းသော အခြေအနေများနှင့် ရင်ဆိုင်နေရသည်။

ဘေးဒဏ်သင့်ဒေသများရှိ ပြည်သူအချို့က အစိုးရအနေဖြင့် ကူညီထောက်ပံ့မှုများကို ပိုမိုတိုးမြှင့်ပေးရန် တောင်းဆိုလျက်ရှိပြီး ပြည်သူများအကြား မကျေနပ်မှုများ မြင့်တက်လာနေသည့်အတွက် အာချေးပြည်နယ်တွင် ဆန္ဒပြပွဲများလည်း ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

အင်ဒိုနီးရှားအစိုးရက ပျက်စီးဆုံးရှုံးမှုများ ကျယ်ပြန့်များပြားနေသည့်အတွက် ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အချိန်ယူရမည်ဖြစ်ကြောင်း အသိအမှတ်ပြု ပြောကြားခဲ့သည်။ သို့ရာတွင် ပြည်သူများအတွက် အကူအညီပေးရေးလုပ်ငန်းများကို အရှိန်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အလေးထား ပြောဆိုထားသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို