နိုဝင်ဘာ ၂၇
ဗီယက်နမ်နိုင်ငံသို့ ၂၀၂၆ ခုနှစ် ဆောင်းရာသီလေယာဉ်ပျံသန်းမှုအစီအစဉ်အရ ဝင်ရောက်၊ ထွက်ခွာသည့် အပတ်စဉ် နိုင်ငံတကာအသွားအပြန် လေကြောင်းခရီးစဉ်အရေအတွက် ၂၇၁ ခုရှိရာ ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၈ ဒသမ ၃ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း ဗီယက်နမ်နိုင်ငံ မြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့၏ ထုတ်ပြန်ချက်ကိုကိုးကား၍ ဗီယက်နမ်သတင်းအေဂျင်စီ (VNA) က ယမန်နေ့က ဖော်ပြခဲ့သည်။
၂၀၂၆ ခုနှစ် အောက်တိုဘာလကုန်မှ ၂၀၂၇ ခုနှစ် မတ်လကုန်အထိ ကြာမြင့်သော ဆောင်းရာသီကာလအတွင်း တစ်ပတ်လျှင် နိုင်ငံတကာ နှစ်လမ်းသွား လေယာဉ်ခရီးစဉ် စုစုပေါင်း ၃၅၂၃ ကြိမ် တိုးလာခဲ့သည်ဟု သိရသည်။
ယခုဆောင်းရာသီတွင် ဗီယက်နမ်နိုင်ငံသို့ ဝင်ရောက်ပျံသန်းခြင်းနှင့် ဗီယက်နမ်နိုင်ငံမှ ပြည်ပသို့ ထွက်ခွာပျံသန်းခြင်းများကို လေကြောင်းလိုင်း စုစုပေါင်း ၈၃ လိုင်းက ပြေးဆွဲလျက်ရှိကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။
ယင်းလေကြောင်းလိုင်းများတွင် ဗီယက်နမ်နိုင်ငံပိုင် လေကြောင်းလိုင်း လေးလိုင်းနှင့် နိုင်ငံနှင့် နယ်မြေဒေသပေါင်း ၃၁ ခုမှ နိုင်ငံခြားလေကြောင်းလိုင်း ၇၉ လိုင်း ပါဝင်ကြောင်း သိရသည်။
မြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ထိုကိန်းဂဏန်းများသည် ဗီယက်နမ်၏ လေကြောင်း ဈေးကွက်၏ ဆွဲဆောင်မှုနှင့် နိုင်ငံ၏ကြီးထွားလာသော နိုင်ငံတကာ လေကြောင်းချိတ်ဆက်မှု ကို ထင်ဟပ်စေသည်ဟု ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


