နိုဝင်ဘာ ၂၆
စင်ကာပူနိုင်ငံရှိမိဘထက်ဝက်နီးပါးသည် ဉာဏ်ရည်တု(AI)ကြောင့် ၎င်းတို့ကလေးများ၏လွတ်လပ်စွာ တွေးခေါ်မှု ထိခိုက်လာမည်ကို စိုးရိမ်လျက်ရှိသည်ဟု သိရသည်။
စင်ကာပူနိုင်ငံရှိ မိဘ ၅၂၀ ဦး ပါဝင်ဖြေဆိုခဲ့သည့် TrendLife ၏ လေ့လာမှုအရ ကျောင်းနေအရွယ် ကလေးများ၏ ၉၅ ရာခိုင်နှုန်းသည် AI နည်းပညာအသုံးပြုထားသော ကိရိယာများ သို့မဟုတ် လုပ်ဆောင်ချက်များကို တစ်ပတ်လျှင် အနည်းဆုံးတစ်ကြိမ် အသုံးပြုကြောင်း တွေ့ရှိခဲ့သည်။
သို့ရာတွင် မိဘများ၏ ၄၄ ရာခိုင်နှုန်းက AI အသုံးပြုမှုသည် ၎င်းတို့ကလေးများ၏ ဝေဖန်ပိုင်းခြားစဉ်းစားနိုင်စွမ်းနှင့် ကိုယ်တိုင်လွတ်လပ်စွာပြဿနာဖြေရှင်းနိုင်စွမ်းအပေါ် ထိခိုက်မှု ရှိလာနိုင်မည်ကို စိုးရိမ်ကြောင်း ဖော်ပြခဲ့ကြသည်။
မိဘ ၃၇ ရာခိုင်နှုန်းကလည်း AI ကြောင့် ကလေးများ၏ အာရုံစူးစိုက်နိုင်သည့် အချိန်အတိုင်းအတာနှင့် ရှုပ်ထွေးခက်ခဲသော လုပ်ငန်းတာဝန်များကို အာရုံစိုက်လုပ်ဆောင်နိုင်စွမ်းအပေါ် ထိခိုက်လာနိုင်ခြေရှိမှုနှင့် ပတ်သက်၍ စိုးရိမ်ကြောင်း ပြောကြားခဲ့ကြသည်။
ထိုလေ့လာမှုအရ စင်ကာပူနိုင်ငံရှိ မိဘများ၏ ၄၀ ရာခိုင်နှုန်းသည် AI နည်းပညာနှင့်ပတ်သက်သည့် ကျွမ်းကျင်မှုများကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးခြင်းမပြုနိုင်ပါက ၎င်းတို့၏ မိသားစုများသည် လူမှုရေး၊ အသက်မွေးဝမ်းကျောင်းရေးနှင့် ငွေကြေးဆိုင်ရာ အခွင့်အလမ်းများတွင် အခြားသူများထက် နောက်ကျကျန်ရစ်သွားနိုင်မည်ကို အလွန်စိုးရိမ်နေကြကြောင်း တွေ့ရှိရသည်။
အသက် ၂၅ နှစ်မှ ၃၄ နှစ်အတွင်းရှိ မိဘများတွင် အဆိုပါစိုးရိမ်မှုအချိုးသည် ၄၆ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး ငယ်ရွယ်သော မိသားစုများသည် AI နည်းပညာကို အခြေခံသည့် အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ထားရန် အထူးစိတ်အားထက်သန်နေကြကြောင်း ဖော်ပြနေသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


