၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ဖူဆယ်(အမျိုးသား)ပြိုင်ပွဲ ဆက်လက်ကျင်းပ

ရန်ကုန်    နိုဝင်ဘာ    ၂၅

ဖူဆယ်အားကစားအဆင့်အတန်း ပိုမိုဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရေးနှင့် မျိုးဆက်သစ် ဖူဆယ်အားကစားသမားများ ပေါ်ထွက်လာစေရေးတို့အတွက် ရည်ရွယ်ပြီး အားကစားရေးရာဝန်ကြီးဌာနမှကြီးမှူး၍ အားကစားနှင့်ကာယပညာ ဦးစီးဌာန၊  မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းပြီး “၂ဝ၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဖူဆယ်(အမျိုးသား)ပြိုင်ပွဲ”ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်း မြို့နယ်ရှိ သုဝဏ္ဏဖူဆယ်ရုံ၌ ကျင်းပသည်။

ယနေ့ တိုင်းဒေသကြီးနှင့်ပြည်နယ် ဖူဆယ်(အမျိုးသား)ပြိုင်ပွဲ  အုပ်စုပတ်လည်ပွဲစဉ်များအဖြစ် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မန္တလေးတိုင်းဒေသကြီးအသင်းက ရန်ကုန် တိုင်းဒေသကြီးအသင်းကို နှစ်ဂိုး - တစ်ဂိုးဖြင့် လည်းကောင်း၊ မကွေးတိုင်းဒေသကြီးအသင်းနှင့် ကရင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ  ကရင်ပြည်နယ်အသင်းက   မကွေးတိုင်းဒေသကြီးအသင်းကို  နှစ်ဂိုး  - တစ်ဂိုးဖြင့် လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းနှင့်   ချင်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ရှမ်းပြည်နယ်အသင်းက   ချင်းပြည်နယ်အသင်းကို ၁၀ ဂိုး - ဂိုးမရှိဖြင့်လည်းကောင်း၊ မွန်ပြည်နယ်အသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက မွန်ပြည်နယ်အသင်းကို ငါးဂိုး-သုံးဂိုးဖြင့်လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

နိုဝင်ဘာ   ၂၆   ရက်တွင်    ပြိုင်ပွဲတစ်ရက် နားမည်ဖြစ်ပြီး နိုဝင်ဘာ ၂၇ ရက် နံနက် ၈ နာရီခွဲမှစတင်၍  ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ  သုဝဏ္ဏဖူဆယ်ရုံ၌     “တိုင်းဒေသကြီးနှင့်ပြည်နယ်    ဖူဆယ်(အမျိုးသား)ပြိုင်ပွဲ”     အုပ်စုပတ်လည်ပွဲစဉ်များအဖြစ်  ကချင်ပြည်နယ်အသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်း၊  ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ကရင်ပြည်နယ်အသင်း၊ တနင်္သာရီတိုင်းဒေသကြီးအသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်း၊ ရှမ်းပြည်နယ်အသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့ ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်၍ အားကစားဝါသနာရှင်မိဘပြည်သူများအနေဖြင့် မည်သူမဆို  “အခမဲ့” လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။

သတင်းစဉ်