အီရန်စစ်ပွဲတွင် အမေရိကန်၏အသုံးစရိတ် အမေရိကန်ဒေါ်လာ ၄၈ ဒသမ ၃ ဘီလီယံအထိ ရှိလာ

ဝါရှင်တန် နိုဝင်ဘာ ၂၅

အီရန်နိုင်ငံနှင့် ဖြစ်ပွားနေသည့် စစ်ပွဲအတွက် အမေရိကန်၏ အသုံးစရိတ်သည် နိုဝင်ဘာ ၁၃ ရက်အထိ အမေရိကန်ဒေါ်လာ ၄၈ ဒသမ ၃ ဘီလီယံ အထိ ရှိခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ် တာဝန်ရှိသူတစ်ဦးက ယမန်နေ့က လွှတ်တော်အမတ်များအား ပြောကြားခဲ့သည်။

ယင်းပမာဏတွင် အရှေ့အလယ်ပိုင်းဒေသတစ်ဝန်း အီရန်၏ တိုက်ခိုက်မှုများကြောင့် ပျက်စီးခဲ့သည့် အမေရိကန်စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို   ပြန်လည်ပြုပြင်ရန်  ကုန်ကျစရိတ်များ မပါဝင်ကြောင်း သိရသည်။

အမေရိကန်ရေတပ်၏ ဘဏ္ဍာရေးဆိုင်ရာ ထိန်းချုပ်ရေးမှူးအဖြစ် အမည်စာရင်းတင်သွင်းခံထားရသည့် ပင်တဂွန်ဘတ်ဂျက်ဆိုင်ရာ တာဝန်ရှိသူ အာသာမီလာက အထက်လွှတ်တော် လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာ ကော်မတီကြားနာပွဲတွင် အဆိုပါကုန်ကျစရိတ်ပမာဏကို ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။

ယခုနောက်ဆုံးထုတ်ပြန်သည့် ကုန်ကျစရိတ် ပမာဏသည် ၂၀၂၆ ခုနှစ် ဩဂုတ် ၁ ရက်အထိ အမေရိကန်ကွန်ဂရက် ဘတ်ဂျက်ရုံးက ခန့်မှန်းထားသည့် အမေရိကန်ဒေါ်လာ ၃၈ ဘီလီယံထက် ၂၇ ရာခိုင်နှုန်းခန့် ပိုမိုမြင့်တက်လာခြင်း ဖြစ်သည်။

အဆိုပါ အသုံးစရိတ်တွင် လက်နက်ခဲယမ်းများ၊ စစ်ဘက်ဆိုင်ရာပစ္စည်းများ အစားထိုးဖြည့်တင်းခြင်းနှင့် စစ်ဆင်ရေးဆောင်ရွက်မှုများအတွက် ကုန်ကျစရိတ်များ ပါဝင်ကြောင်း မီလာကပြောကြားခဲ့သည်။ သို့သော် ပျက်စီးသွားသည့် စစ်ဘက်ဆိုင်ရာ အဆောက်အအုံများ ပြန်လည်ပြုပြင်ရန် ထပ်မံကုန်ကျမည့် ငွေပမာဏကိုမူ ၎င်းအနေဖြင့် ခန့်မှန်းထားခြင်းမရှိသေးကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

အထက်လွှတ်တော် လက်နက်ကိုင်တပ်ဖွဲ့များ ဆိုင်ရာကော်မတီဥက္ကဋ္ဌ ရီပတ်ဘလစ်ကန်ပါတီဝင် ရော်ဂျာဝစ်ကာက အဆိုပါ ပြန်လည်ပြုပြင်ရေး ကုန်ကျစရိတ်ဆိုင်ရာ ကိန်းဂဏန်းများကို အမြန်ဆုံးတင်ပြပေးရန် မီလာအား တိုက်တွန်းခဲ့သည်။

အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အဆောက်အအုံများပျက်စီးမှုအတွက် ပြန်လည်ပြုပြင်ရေးကုန်ကျစရိတ်သည် အမေရိကန် ဒေါ်လာ ၅ ဘီလီယံမှ ၁၅ ဘီလီယံအထိ ရှိနိုင်ကြောင်း ပင်တဂွန်သတင်းရင်းမြစ်များကို ကိုးကား၍ သည်ဝေါစထရိဂျာနယ်က ဖော်ပြခဲ့သည်။

ဆင်ဟွာ