တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲ ညလွှတ်စိန်နားပန်ပြိုင်ပွဲတွင် ဇွဲလူငယ်အသင်းနှင့် ညမီးကြီးပြိုင်ပွဲတွင် လွိုင်ခမ်းအသင်းတို့ ပထမဆုများ ဆွတ်ခူး

တောင်ကြီး နိုဝင်ဘာ ၂၅

 

တောင်ကြီးတန်ဆောင်တိုင် ရိုးရာမီးပုံးပျံပြိုင်ပွဲကို နိုဝင်ဘာ ၁၆ ရက်မှ နိုဝင်ဘာ ၂၄ ရက်အထိ ကိုးရက်တိုင်တိုင် အဝေရာမီးပုံးပျံကွင်း၌ ကျင်းပခဲ့ပြီး ယနေ့ညနေပိုင်းက ပိတ်ပွဲအခမ်းအနားနှင့်အတူ ဆုချီးမြှင့်ပွဲကို ကျင်းပသည်။

 

(၇၆)ကြိမ်မြောက် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲတွင် နေ့လွှတ်သဘာဝရုပ်လုံး ခြေနှစ်ချောင်းပြိုင်ပွဲ၌ တိမ်ခအသင်းက ကြက်တူရွေးရုပ်လုံးဖြင့် ပထမဆုကိုလည်းကောင်း၊ မိုက်ခဲအသင်းက ဂဠုန်ရုပ်လုံးဖြင့် ဒုတိယဆုကို လည်းကောင်း၊ အားမာန်မီးအသင်းက ကတ္တဝါ ရုပ်လုံးဖြင့် တတိယဆုကိုလည်းကောင်း၊ သဘာဝရုပ်လုံးခြေလေးချောင်းပြိုင်ပွဲတွင် R4 အသင်းက ဝက်ဝံရုပ်လုံးဖြင့် ပထမဆု၊ ရုံးပျော်အသင်းက ဆင်ရုပ်လုံးဖြင့် ဒုတိယဆု၊ ဧည့်ပျော်မီးအသင်းက ကြံ့ရုပ်လုံးဖြင့် တတိယဆုတို့ကို လည်းကောင်း၊ နေ့လွှတ်သဘာဝရုပ်လုံးအုပ်စုအလိုက် ပြိုင်ပွဲတွင် လေပွေအသင်းက သင်းကွဲ(၃)ကောင်ဖြင့် ပထမ၊ ရောပျော် အသင်းက ယုန်(၃)ကောင်ဖြင့် ဒုတိယ၊ ကိုပွားမီးအသင်းက မြင်းပျံ(၃)ကောင်ဖြင့် တတိယဆုတို့ကို အသီးသီးဆွတ်ခူးရရှိခဲ့ကြသည်။

 

“စိန်နားပန် မီးပုံးပျံပြိုင်ပွဲမှာ ကျွန်တော်တို့အသင်းက ပအိုဝ်းတိုင်းရင်းသားကိုယ်စားပြုအဖြစ် အေးသာယာမြို့ကနေ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။ ၂၀၁၆ ခုနှစ်မှာ စတင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ တတိယဆု၊ ၂၀၂၅ ခုနှစ်မှာ ဒုတိယဆုနဲ့ ဒီနှစ်မှာ ပထမဆုကို ရရှိခဲ့တာပါ။ ဒီနှစ်မှာ ပထမဆုရရှိတာဟာ အရင်ဆု ရရှိခဲ့တဲ့အောင်ပွဲတွေထက် ပိုပြီး ဝမ်းသာ ဂုဏ်ယူမိပါတယ်။ လာမယ့်နှစ် မီးပုံးပျံပြိုင်ပွဲမှာလည်း ပိုင်ဆိုင်ထားတဲ့ချန်ပီယံဆုကို ထိန်းသိမ်းကာကွယ်ရင်း အကောင်းဆုံး ကြိုးစားယှဉ်ပြိုင် သွားမှာပါ”ဟု စိန်နားပန်မီးပုံးပျံ ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် ဇွဲလူငယ် အသင်းခေါင်းဆောင် ဦးစိုးဝင်းက ပြောသည်။

 

ထို့အတူ ညလွှတ်စိန်နားပန် မီးပုံးပျံပြိုင်ပွဲတွင် ဇွဲလူငယ်အသင်းက ပထမဆု၊ မီးအိမ်အသင်းက ဒုတိယဆု၊ နေကြာစေ့အသင်းက တတိယဆုကိုလည်းကောင်း၊ ညလွှတ်ညမီးကြီး ပြိုင်ပွဲတွင် လွိုင်ခမ်းမီးအသင်းက ပထမဆု၊ 81 နဂါးပျံအသင်းက ဒုတိယဆုနှင့် ရွှေဇုန်မီးအသင်းက တတိယဆုကို လည်းကောင်း ဆွတ်ခူးရရှိကြသည်။

 

“ကျွန်တော်တို့ အသင်းက တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်က ဝင်ရောက်ယှဉ်ပြိုင်တာပါ။ ဒီနှစ်မှာ ကျွန်တော်တို့အသင်းက ပထမဆုကို ရရှိခဲ့တာပါ။ အားလုံးကို အချိန်ယူပြီး ကြိုးစားအားထုတ် ခဲ့ကြတဲ့အတွက် အောင်မြင်မှု အကျိုးကျေးဇူးရတယ်လို့ ပြောရမှာပါ။ ဒီနှစ်ပြိုင်ပွဲက ပြိုင်ဆိုင်မှု အားကောင်းပါတယ်။ ညမီးကြီး ယှဉ်ပြိုင်မှုကို ရပ်နီး၊ ရပ်ဝေးက ပရိသတ်တွေ အထူးစည်ကားစွာ လာရောက် အားပေးတဲ့အပေါ် အထူးပဲ ကျေးဇူးတင်ဂါရဝပြုပါတယ်။ လာမယ့်နှစ်မှာလည်း အောင်မြင်မှုကို ဆက်လက်ပိုင်ဆိုင်ထားဖို့ ပိုပြီးကြိုးစားအားထုတ် သွားမှာပါ။ ယခုလို ပြိုင်ပွဲဖြစ်မြောက်အောင် စီမံဆောင်ရွက်ပေးတဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ကို အထူးကျေးဇူးတင်ပါတယ်”ဟု ညမီးကြီးမီးပုံးပျံ ပြိုင်ပွဲတွင် ပထမဆုရရှိသည့် လွိုင်ခမ်းမီးအသင်းခေါင်းဆောင် ဦးအောင်အောင်ဦးက ပြောသည်။

 

၂၀၂၆ ခုနှစ် တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲတွင် ညမီးကြီး ၇၁ လုံး၊ စိန်နားပန် ၄၁ လုံး စုစုပေါင်း ညလွှတ်မီးပုံးပျံ ၁၁၂ လုံး၊ နေ့လွှတ်ခြေနှစ်ချောင်း ၂၃၆ လုံး၊ ခြေလေးချောင်း ၁၃၈ လုံး၊ အရုပ်အုပ်စု ၇၅ လုံး စုစုပေါင်း နေ့လွှတ်အရုပ်မီးပုံးပျံ ၄၄၉ လုံး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

 

မီးပုံးပျံ ပြိုင်ပွဲကျင်းပရေး ဆပ်ကော်မတီအနေဖြင့် ယခုနှစ် မီးပုံးပျံပြိုင်ပွဲကို အထူးဂရုစိုက် ကြပ်မတ်ဆောင်ရွက်ခဲ့ပြီး ဆုရရှိ သည့် အသင်းများအနေဖြင့် ထိုက်ထိုက်တန်တန် ရရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ဒိုင်အဖွဲ့များအနေဖြင့် စိန်နားပန်နှင့် အမှတ်ပေးရာတွင် ဘက်လိုက်မှုမရှိဘဲ စနစ်တကျ အမှတ်ပေးဆောင်ရွက်ခဲ့ကြောင်း မီးပုံးပျံပြိုင်ပွဲ ကျင်းပရေးဆပ် ကော်မတီအတွင်းရေးမှူး ဦးတင်ဝင်း(ပန်းချီ)က ပြောသည်။

 

ယခုနှစ် တောင်ကြီးတန်ဆောင် တိုင်မီးပုံးပျံပြိုင်ပွဲသည် ပြိုင်ပွဲဝင် မီးပုံးပျံအလုံးရေ အများဆုံး၊ ပရိသတ်စံချိန်တင်အများဆုံးနှင့် ခရီးသွားဧည့်သည်အများဆုံး လာရောက် အားပေးကြည့်ရှုခဲ့သည့် ပွဲတော်တစ်ခုဖြစ်ပြီး လာမည့်နှစ် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲကို ယခုနှစ်ထက် ပိုမိုကောင်းစေရန် ပြိုင်ပွဲဝင်စနစ်အချို့ကို ပြောင်းလဲသွားရန်ရှိကြောင်း မီးပုံးပျံပြိုင်ပွဲ ကျင်းပရေးဆပ်ကော်မတီမှ သိရသည်။

ကိုထွေး၊ သစ္စာ

ဓာတ်ပုံ - ဇွဲမာန်