ဖလမ်း နိုဝင်ဘာ ၂၅
ဖလမ်းခရိုင် လမ်းဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် ကလေး-ဖလမ်း လမ်းပိုင်း တစ်လျှောက် မိုင်တိုင်(၇၃-၇၄) ကြား လမ်းဘေးဝဲယာရှိ ချုံနွယ်များအား စက်ယန္တရားကြီးများဖြင့် ရှင်းလင်းဖယ်ရှားနေမှုကို ယနေ့နံနက်ပိုင်းတွင် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိနေသည့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ကျော်ကျော်ဟန်သည် ချင်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များနှင့်အတူ ကြည့်ရှု စစ်ဆေးပြီး လမ်းအူကြောင်း ပေါ်လွင်စေရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရေး အလေးထား ဆောင်ရွက်ရန် မှာကြားသည်။
မွန်းလွဲပိုင်းတွင် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း အော်တိုအိတ်ချိန်းရုံးသို့ရောက်ရှိပြီး မြန်မာ့ ဆက်သွယ်ရေး MPT နှင့် CDMA-MEC တယ်လီဖုန်းဆက်သွယ်ရေးစက်များဖြင့် ဆက်သွယ်ရေးဝန် ဆောင်မှုပေးနေသည့် အခြေအနေများ၊ စက်များထိန်းသိမ်းထားရှိမှုများနှင့် ရုံးအဆောက်အအုံနှင့် နှစ်ခန်းတွဲ ဝန်ထမ်းအိမ်ရာပြုပြင် ပြီးစီးမှုအခြေအနေနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ထပ်ဆင့် လွှင့်စက်ရုံ အဆောက်အအုံနှင့် ဂိုဒေါင် ရာနှုန်းပြည့်ပြုပြင်ပြီးစီးမှုနှင့် စက်ပစ္စည်းများ ပျက်စီး ပျောက်ဆုံးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ထပ်ဆင့်လွှင့် စက်ပစ္စည်းများရရှိပါက စက်ရုံ ပြန်လည်လည်ပတ်နိုင်ရေး စီမံဆောင်ရွက်သွားရန် မှာကြားသည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် ထပ်ဆင့်လွှင့်စက်ရုံ ဝန်ထမ်းအိမ်ရာ နှစ်လုံးပြုပြင်ပြီးစီးမှုအခြေအနေနှင့် ဂါလန် တစ်သိန်းဆံ့ ရေလှောင်ကန်တွင် ရေသိုလှောင်ထားရှိမှုနှင့် ရပ်ကွက်အတွင်း ရေဖြန့်ဝေပေးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် တစ်စိတ်တစ်ပိုင်း ပျက်စီးသွားသည့် ခရိုင်အုပ်ချုပ်ရေးမှူးနေအိမ် ပြန်လည်ပြုပြင် နေမှုများကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိသည့် အဆောက်အအုံ ဖြစ်သည့်အတွက် မူလလက်ရာမပျက် ပြုပြင်ထိန်းသိမ်းရန် မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


