နေပြည်တော် နိုဝင်ဘာ ၂၅
အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် နိုင်ငံတော်တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကို အနှောင့်အယှက် ဖြစ်စေရန်၊ ဒေသခံတိုင်းရင်းသား ပြည်သူများအား ထိခိုက်သေဆုံးမှု များနှင့် ကြောက်ရွံ့ထိတ်လန့်မှုများ ဖြစ်ပေါ်စေရန် ရည်ရွယ်၍ အများပြည်သူ သွားလာအသုံးပြု လျက်ရှိသည့် လမ်း/တံတားများ၊ ဈေးများ၊ ဘဏ်များ၊ လျှပ်စစ်ရုံး များ၊ အုပ်ချုပ်ရေးဆိုင်ရာ အဆောက် အအုံများအား ပစ်မှတ်ထားတိုက်ခိုက်သည့် အကြမ်းဖက်လုပ်ရပ်များကို ဆင်ခြင်တုံတရားမဲ့စွာ လုပ်ဆောင်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ နိုဝင်ဘာ ၂၄ ရက် ည ၈ နာရီခွဲ ခန့်တွင် မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၏ မြောက်ဘက် မီတာ ၃၀ ခန့်အကွာ အများပြည်သူသွား ကားလမ်းမဘေး၌ မသင်္ကာဖွယ်ရာ ကျောပိုးအိတ်တစ်လုံး တွေ့ရှိကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးရှင်းလင်းခြင်းများ ဆောင်ရွက်စဉ် အကြမ်းဖက်သောင်း ကျန်းသူများ ထောင်ထားခဲ့သော မိုင်းပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ပြီး အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦးနှင့် ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်တွင် အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် တံတားဦးမြို့နေ ဦးသက်ဆွေငြိမ်း (၄၅ နှစ်)(ဘ) ဦးမာကြည်၊ ဦးအေး မောင် (၃၅ နှစ်)(ဘ) ဦးသန်းထွန်း မင်း၊ ဦးသိန်းဆွေ (၅၇ နှစ်)(ဘ) ဦးလှအောင်၊ ဦးအောင်ကိုမြတ် (၄၈ နှစ်) (ဘ) ဦးဆန်းအောင်၊ ဦးစောသန်း (၇၁ နှစ်) (ဘ) ဦးမြခင်၊ တို့တွင် မိုင်းစထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့ကြရာ အဆိုပါ ထိခိုက်ဒဏ်ရာ ရရှိသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက တံတားဦးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ဆေးကုသမှု ခံယူစေလျက်ရှိကြောင်းနှင့် ဦးသိန်းဆွေ (၅၇ နှစ်) (ဘ) ဦးလှအောင်သည် ဆေးရုံ၌ ဆေးကုသမှုခံယူစဉ် ရရှိဒဏ်ရာများဖြင့်သေဆုံးခဲ့ကြောင်း သိရသည်။
အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် အများပြည်သူ သွားလာနေသည့် လမ်းများပေါ်တွင် လက်လုပ်မိုင်းမျိုးစုံထောင်ခြင်း၊ အဝေးမှမိုင်းဆွဲတိုက်ခိုက်ခြင်းများကို ဆင်ခြင်တုံတရား ကင်းမဲ့စွာ လုပ်ဆောင်လျက်ရှိသဖြင့် အပြစ်မဲ့ပြည်သူများ ထိခိုက်၊ သေဆုံး၊ ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်လျက် ရှိသည်။ သို့ဖြစ်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများ လုံခြုံအေးချမ်းစွာ နေထိုင်နိုင်ရေး အတွက် ဖြစ်စဉ်ဖြစ်ပွားရာ နေရာတစ်ဝိုက်အား မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ယခုကဲ့သို့ လူမဆန်သည့် လုပ်ရပ်များကို ယုတ်မာစွာ ကျူးလွန်ခဲ့သည့် အကြမ်းဖက်သောင်းကျန်းသူများအား ဖော်ထုတ်ဖမ်းဆီးရမိရေး တာဝန်သိ ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ သတင်းစဉ်







