တောင်ငူ နိုဝင်ဘာ ၂၅
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ဆူးတပ်ကျေးရွာအုပ်စု၊ ဟင်းရည်မြားကျေးရွာ၌ ပထမအကြိမ် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်းစီမံကိန်း (RBF) မှ ချေးငွေများထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပသည်။
ဦးစွာ တောင်ငူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်သူရက စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ၊ အငယ်စား၊ အလတ်စားနှင့် အသေးစား စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများအတွက် လိုအပ်သောငွေကြေး အရင်းအနှီးရရှိစေရန်၊ အဆိုပါလုပ်ငန်းများကို အစုအဖွဲ့စနစ်ဖြင့် လုပ်ကိုင်တတ်စေရန် ရည်ရွယ်၍ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်းစီမံကိန်း (RBF) မှ ချေးငွေများ ထုတ်ချေးပေးရခြင်းဖြစ်ကြောင်း၊ စီမံကိန်းမှရရှိလာမည့် အကျိုးကျေးဇူးများ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၊ နည်းဥပဒေပါ ကျေးလက်နေပြည်သူများ၏ တာဝန်နှင့် ရပိုင်ခွင့်များ၊ ပြစ်မှု၊ ပြစ်ဒဏ်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းက စီမံကိန်းစက်ဝန်းကာလနှင့် အတိုးနှုန်းသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူးက စီမံကိန်းရန်ပုံငွေကျပ်သိန်း ၃၀၀ ကို လွှဲပြောင်းပေးအပ်သည်။
ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းတို့၏ ကြီးကြပ်မှုဖြင့် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ကြီးကြပ်မှုကော်မတီဝင်များမှ ဟင်းရည်မြားကျေးရွာရှိ တိုးတက်ကြီးပွား၊ ပန်းခရေ၊ အောင်ကျော်ကြား၊ အောင်မြင်သူ၊ အောင်တိုင်းကျော် စသည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အစုအဖွဲ့ ၅ ဖွဲ့မှ အသင်းသားအသင်းသူ ၂၆ ဦးကို ပထမအကြိမ် ကျေးလက်စီးပွားမြင့်မားရေး ထူထောင်ခြင်းလုပ်ငန်းစီမံကိန်း (RBF) မှ ကျပ်သိန်း ၃၀၀ ကို အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ကိုနိုင်(ကျေးလက်)


