နိုဝင်ဘာ ၂၅
အမေရိကန်နိုင်ငံ ဝါရှင်တန်ပြည်နယ်တွင် H5N1 ဗိုင်းရပ်စ် ကူးစက်ခံထားရသူ သုံးဦးရှိကာ ၎င်းတို့အနက် တစ်ဦး သေဆုံးခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ယမန်နေ့က ထုတ်ပြန်ခဲ့သည်။
အဆိုပါကူးစက်မှုများကို အောက်တိုဘာ ၁၆ ရက်မှ နိုဝင်ဘာ ၄ ရက်အတွင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ထုတ်ပြန်ချက်အရ သိရသည်။
ထိုရောဂါဖြင့်သေဆုံးသူသည် ရောဂါကူးစက်ခံထားရသော နို့စားနွားများ သို့မဟုတ် ၎င်းတို့နှင့် ဆက်စပ်နေသည့် ညစ်ညမ်းသော ပတ်ဝန်းကျင်မှတစ်ဆင့် ထိတွေ့ကူးစက်ခံရပြီးနောက် သေဆုံးခဲ့သည့် ပထမဆုံးလူနာဖြစ်ကြောင်း ဖော်ပြထားသည်။
H5N1 ကူးစက်ခံရသူ သုံးဦးစလုံးသည် အမေရိကန်နိုင်ငံ ဝါရှင်တန်ပြည်နယ် ယာကီမာကောင်တီရှိ နို့စားနွားမွေးမြူရေးခြံများတွင်အလုပ်လုပ်ကိုင်နေသည့်အရွယ်ရောက်ပြီးသူများဖြစ်ကြောင်း၊ ထိုဒေသရှိ နို့စားနွားများတွင်လည်း H5N1 ဗိုင်းရပ်စ် ကူးစက်မှုကို မကြာသေးမီက တွေ့ရှိထားကြောင်းနှင့် လက်ရှိတွင်ရောဂါကူးစက်ခံရသူများနှင့် ထိတွေ့ခဲ့သူများကိုစုံစမ်းစစ်ဆေးခြင်း၊ စောင့်ကြည့် လေ့လာခြင်းများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။
ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ်များသည် အဓိကအားဖြင့် တိရစ္ဆာန်များအကြားတွင် ပျံ့နှံ့လေ့ရှိပြီး လူသားများထံ ကူးစက်မှုမှာ ရှားပါးသော်လည်း ဗိုင်းရပ်စ်ကူးစက်ခံထားရသော တိရစ္ဆာန်များနှင့် ထိတွေ့ခြင်း သို့မဟုတ် ဗိုင်းရပ်စ်ညစ်ညမ်းနေသော ပတ်ဝန်းကျင်နှင့် ထိတွေ့ခြင်းတို့ကြောင့် လူသားများတွင် ရံဖန်ရံခါ ကူးစက်မှုများ ဖြစ်ပွားနိုင်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ပြောကြားချက်အရ သိရသည်။
နိုင်ငံတကာကျန်းမာရေးစည်းမျဉ်းများအရ Influenza A ဗိုင်းရပ်စ် အမျိုးအစားခွဲအသစ်တစ်ခုကြောင့် လူသားတစ်ဦးဦး ကူးစက်ခံရပါက ပြည်သူ့ကျန်းမာရေးအတွက် အရေးပါနိုင်သည့် ဖြစ်ရပ်တစ်ခုအဖြစ် သတ်မှတ်ထားပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ထံသို့ မဖြစ်မနေအသိပေးအစီရင်ခံရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
လုပ်ငန်းခွင်အတွင်း H5N1 ဗိုင်းရပ်စ်နှင့် ထိတွေ့နိုင်ခြေရှိသူများအတွက် ရောဂါကူးစက်နိုင်ခြေမှာ အနည်းအပါးမှ အလယ်အလတ်အဆင့်ရှိကြောင်း သိရသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က အချက်အလက်အသစ်များ ထပ်မံရရှိလာသည်နှင့်အမျှ လက်ရှိအခြေအနေသည် ပြောင်းလဲနိုင်ကြောင်းသတိပေးထားပြီး ထိုဗိုင်းရပ်စ်များနှင့် ကမ္ဘာတစ်ဝန်းရှိ ရောဂါကူးစက်ပျံ့နှံ့မှု အခြေအနေကို အနီးကပ် ဆက်လက်စောင့်ကြည့်လေ့လာလျက်ရှိကြောင်း ပြောကြားခဲ့သည်။
ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ်သည် လူသားများထံ ကူးစက်ပါက ဖြစ်ပွားနိုင်သည့် ရောဂါလက္ခဏာများတွင် မျက်စိနီခြင်း၊ မျက်စိရောင်ရမ်းခြင်း၊ အသက်ရှူလမ်းကြောင်းအပေါ်ပိုင်းဆိုင်ရာ လက္ခဏာများဖြစ်ပေါ်ခြင်း၊ ပြင်းထန်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်ပွားခြင်း၊ အသက်အန္တရာယ်ရှိနိုင်သည့် ကျန်းမာရေးအခြေအနေများ ဖြစ်ပေါ်ခြင်းတို့ပါဝင်နိုင်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ပြောကြားချက်အရ သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


