ရေးမြို့ ကျက်သရေဆောင် စကားတောင် စေတီတော်မြတ်ကြီး၌ ဆီမီး ၂၅၇၀ ထွန်းညှိပူဇော်

ရေး နိုဝင်ဘာ ၂၄

 

မွန်ပြည်နယ် ရေးမြို့ ကျက်သရေဆောင် စကားတောင်စေတီတော်မြတ်ကြီး၌ သာသနာနှစ်၂၅၇၀ ပြည့်နှစ်ကို ရည်မှန်း၍ ဆီမီး ၂၅၇၀ ထွန်းညှိပူဇော်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂၃ ရက် ညပိုင်းက ကျင်းပရာ ရေးမြို့‌နယ် မရမ်းကျောင်းတိုက်မှ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာဘဒ္ဒန္တအရှင်ပညာဇောတက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပေးသည်။

 

ဆက်လက်၍ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်က ပန်း၊ ဆီမီး၊ ရေချမ်း ဆက်ကပ်လှူဒါန်းသည့် ဂါထာတော်အား ဦးဆောင်ရွတ်ဖတ်ပူဇော်ပေးကာ ဩဝါဒကထာချီးမြှင့်ပေးပြီး ခရိုင်အုပ်ချုပ်ရေးမှူးက နဝကမ္မဝတ္ထုငွေ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကုသိုလ်ကောင်းမှု အစုစုတို့အတွက် ဆုတောင်းမေတ္တာပို့ အမျှပေးဝေသည်။

 

ထို့နောက် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဦးဆောင်၍ စေတီတော်ရင်ပြင်၌ ဆီမီး ၂၅၇၀ စတင်ထွန်းညှိပူဇော်ခြင်းနှင့် မီးပုံးလွှတ်တင်ခြင်းများဆောင်ရွက်ပြီး ခရိုင်အုပ်ချုပ်ရေးမှူးက ဝတ်ရွတ်ပူဇော်သည့်အသင်းအား ဆုငွေကျပ် သုံးသိန်း ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။  

ရှင်းသန့်ဖြူ