ထားဝယ်မြို့၌ (၁၁၄)ကြိမ်မြောက် တန်ဆောင်တိုင်နှစ်ကျိပ်ရှစ်ဆူဘုရား ဒေသစာရီလှည့်လည်ပူဇော်ပွဲ ဖွင့်ပွဲကျင်းပ

ထားဝယ် နိုဝင်ဘာ ၂၄

 

ထားဝယ်မြို့၌ (၁၁၄)ကြိမ်မြောက် တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရား ဒေသစာရီလှည့်လည် ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၆ နာရီက လောကမာရဇိန်ဘုရားကြီးအရှေ့ မုခ်ဦး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

 

တန်ဆောင်တိုင်ပွဲတော် နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည်ပူဇော်ပွဲကြီးသည် ဒေသတွင်း အထင်ရှားဆုံး ပွဲတော်တစ်ခု ဖြစ်သောကြောင့် ထားဝယ်ဒေသခံများ နှစ်စဉ်ပါဝင်ဆင်နွှဲလေ့ရှိသည့် ပွဲတော်တစ်ခုလည်းဖြစ်ကာ ထားဝယ်မြို့၏ ကျက်သရေဆောင် နှစ်ကျိပ်ရှစ်ဆူ မြတ်စွာဘုရား ရုပ်ပွားတော်များ ဒေသစာရီ လှည့်လည်ပူဇော်ခံသည့်ပွဲကို ကောဇာသက္ကရာဇ် ၁၂၇၁ ခုနှစ်မှ စတင်ကျင်းပလာခဲ့ရာ ယခုတွင် နှစ်ပေါင်း(၁၁၄)နှစ် တိုင်ခဲ့ပြီဖြစ်သည်။

 

ဖူးမြော်ကြည်ညို

ဖွင့်ပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်မြင့်၊ နယ်မြေခံတပ်မှ ဗိုလ်မှူးကြီး သိန်းဇော်မြင့်၊ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်နှင့် ဘုရားကြီးဂေါပကအဖွဲ့နာယက ဦးထွန်းသိန်းတို့က (၁၁၄)ကြိမ်မြောက် တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရား ဒေသစာရီလှည့်လည် ပူဇော်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ တရားသူကြီးချုပ်နှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ ပြည်သူများက နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ဖူးမြော်ကြည်ညိုပြီး အလှူငွေများ ထည့်ဝင်လှူဒါန်းသည်။

 

နှစ်ကျိပ်ရှစ်ဆူဘုရားဒေသစာရီ လှည့်လည်ပူဇော်ပွဲကို ရပ်ကွက်၊ ကျေးရွာများမှ ဥပသကာများ လိုက်ပါ၍ ဘုရားကြီးအရှေ့မုခ်ဦးမှ ရွှေတောင်စားလမ်းအတိုင်း ဆေးရုံလမ်း၊ ဟိန္ဒူဘုရားကျောင်း လမ်းဆုံ၊ အာဇာနည်လမ်းမှတစ်ဆင့် ရန်ကြီးအောင်လမ်း၊ မြိတ်တန်းလမ်း၊ မြို့တွင်းလမ်းမှတစ်ဆင့် ရဲရိပ်သာလမ်း၊ ပခုက္ကူကျောင်းလမ်း၊ ရုံးကြီးလမ်း၊ ဈေးတောင်ဘက်လမ်း၊ ဗိုလ်ချုပ်လမ်း၊ ညောင်ပင်ကြီးလမ်း၊ ကမ်းနားလမ်း၊ သဲပုံစေတီလမ်း၊ တရုတ်တန်းလမ်း၊ အာဇာနည်လမ်း၊ ဗိုလ်ချုပ်လမ်း၊ အနောက်မြို့တွင်းလမ်း၊ ရေးလမ်း၊ နိဗ္ဗာန်လမ်း၊ ကမြောကင်းလမ်း၊ ဆန်းချီလမ်း၊ ဘုရားကြီးနောက်လမ်းအတိုင်း လှည့်လည်အပူဇော်ခံသည်။

 

နှစ်ကျိပ်ရှစ်ဆူ ဘုရားများမြို့တွင်းသို့ လှည့်လည်ပူဇော်ခံရာတွင်ပါဝင်သည့် ရပ်ကွက်နှင့် ကျေးရွာ၏ အမည်များကို ထားဝယ်ဒေသိယစကားဖြင့် ရေးသားဖော်ပြမှုရှိကြပြီး သရုပ်ဖော်ရုပ်လုံး၊ ရုပ်ကြွများ၊ အတီး၊ အမှုတ်၊ အကအခုန်များဖြင့် စည်ကားသိုက်မြိုက်စွာလှည့်လည်ခဲ့သောကြောင့် ဘုရားလာရောက်ဖူးမြော်သူများ၊ ထားဝယ်ဒေသခံပြည်သူများ အထူးစိတ်ဝင်စားမှုရှိကြသည်။

 

ဘုရား လှည့်လည်ပူဇော်ရာ လမ်းတစ်လျှောက်တွင် လိုက်ပါလာသူများအား ရပ်ကွက်အလိုက် စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးသည့်အပြင် လာရောက် ဖူးမြော်ကြည်ညိုကြသည့် အများပြည်သူများအား တေးသီချင်း၊ စတိတ်ရှိုးများဖြင့် ညလုံးပေါက် ဧည့်ခံဖျော်ဖြေကြသည်။ ထို့သို့ ဘုရားလှည့်လည် ပူဇော်ရာ လမ်းကြောင်းတစ်လျှောက်တွင် ကုသိုလ်ယူ အမှိုက်ကောက်သည့် အဖွဲ့များက စနစ်တကျဖြင့် အမှိုက်ကောက်ကြပြီး လှည့်လည်ရာတွင် ပါဝင်ပို့ဆောင်ကြသူများ မတော်တဆ ထိခိုက်ဒဏ်ရာ ရရှိပါကအချိန်မီ ကူညီကုသပေးနိုင်ရန်အတွက် လူမှုအသင်းအဖွဲ့များလည်း အဆင်သင့်ဝန်းရံလျက် လိုက်ပါဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)