ကွာလာလမ်ပူ နိုဝင်ဘာ ၂၄
မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ်တွင် ယခုနှစ် သြဂုတ်လမှ အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူများ ဖုံးလွှမ်းခဲ့စဉ် ကာလအတွင်း မီးခိုးမြူနှင့်ဆက်စပ်သော ကျန်းမာရေးပြဿနာ စုစုပေါင်း ၁၈၄၅၁ ခုအား မှတ်တမ်းတင်နိုင်ခဲ့ကြောင်း ပြည်နယ်၏ ပြည်သူ့ကျန်းမာရေးဆိုင်ရာ အကြီးတန်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဆီလန်ဂေါပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဂျာမာလီယာ ဂျာမာလူဒင်၏ ပြောကြားချက်အရ အဆိုပါ ကိန်းဂဏန်းများတွင် မီးခိုးမြူနှင့် ဆက်စပ်သော ရောဂါအမျိုးအစား သုံးမျိုးပါဝင်ကြောင်း သိရသည်။
၎င်းတို့မှာ အသက်ရှူလမ်းကြောင်းဆိုင်ရာပိုးဝင်ခြင်း ၁၅၅၅၄ ခု၊ ပန်းနာရင်ကျပ်ရောဂါ ၂၃၀၅ ခုနှင့် မျက်စိအမြှေးပါးရောင်ရမ်းခြင်း ၅၉၂ ခုတို့ ဖြစ်ကြသည်။ အဆိုပါကိန်းဂဏန်းများသည် စောင့်ကြည့်စစ်ဆေးမှုပြုလုပ်နေသော ကျန်းမာရေးစောင့်ရှောက်မှုနေရာများမှသာ ကောက်ယူရရှိထားသည့် အချက်အလက်များဖြစ်သောကြောင့် စုစုပေါင်း ဖြစ်ပွားမှုအရေအတွက်၏ တစ်စိတ်တစ်ပိုင်းသာဖြစ်ကြောင်း ဂျာမာလီယာက ပြည်နယ်အစိုးရထံ တင်ပြရာတွင် ရှင်းပြခဲ့သည်။
မီးလောင်ကျွမ်းမှုများ စတင်ဖြစ်ပွားရာနေရာ၌ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် မီးငြှိမ်းသတ်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်စေရန်အတွက် အာဆီယံပူးပေါင်းဆောင်ရွက်မှု ယန္တရားများကို နိုင်ငံတော်က ထောက်ခံအားပေးကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
ဆင်ဟွာ


