တန်ဆောင်မုန်းလပြည့်နေ့၌ ဆွမ်းဆန်စိမ်းလောင်လှူပွဲ၊ နိဗ္ဗာန်ဈေးပွဲ၊ ဆီမီး ၉၀၀၀ ထွန်းညှိပူဇော်ပွဲနှင့် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

တာချီလိတ် နိုဝင်ဘာ ၂၄

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၌ မြို့နယ်စည်ပင်သာယာရေးဌာန ဝန်ထမ်းများ၊ ဈေးသူ ဈေးသားများ၊ ဈေးကော်မတီဝင်များနှင့် ဒေသခံအလှူရှင်များက စုပေါင်းမဟာ ဘုံကထိန်ပွဲကို ဝမ်ကောင်းရပ်ကွက်ရှိ တောင်တန်းသာသနာပြု(ဗဟို) ကျောင်းတိုက်နှင့် တာလေမြို့ရှိ တပ်ရင်း၊ တပ်ဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ စုပေါင်းပါဝင်သည့် မဟာဘုံကထိန်လှူဒါန်းပွဲကို ရပ်ကွက်(၂)ရှိ ဒက္ခိဏာရာမ တပ်ဦးကျောင်းတွင် ယနေ့ကျင်းပသည်။

 

ထို့ပြင် ရွှေတိဂုံစေတီတော်ရင်ပြင်၌ နံနက်ပိုင်းတွင်  လွှတ်တော်ကိုယ်စားလှယ်များ၊ တာချီလိတ်တပ်နယ်မှ တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် ဂေါပကအဖွဲ့ဝင်များ၊ ဒေသခံအလှူရှင်များက စုပေါင်း၍ ဆရာတော်၊ သံဃာတော် ၁၀၈ ပါးနှင့် သီလရှင် ၄၅ ပါးတို့အား ဆွမ်းဆန်စိမ်းများနှင့် လှူဖွယ်ပစ္စည်းများ စုပေါင်းလောင်းလှူကြသည်။

 

ထို့နောက် ညနေ ၆ နာရီခွဲတွင် ဖယောင်းတိုင်မီး ထွန်းညှိပူဇော်ဖွင့်လှစ်ကာ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ပရဟိတလူမှုကူညီရေး အသင်းအဖွဲ့များနှင့် ဘုရားဖူးလာ ပြည်သူများက စုပေါင်း၍ ရွှေတိဂုံစေတီတော်ရင်ပြင်ရှိ ဆီမီးခုံများ၌ ဆီမီး ၉၀၀၀ ထွန်းညှိပူဇော်ဆက်ကပ်လှူဒါန်းကြပြီး မီးပုံးပျံအလုံး ၅၀၀ ကို စုပေါင်းလွှတ်တင်ပူဇော်ကြသည်။

 

တာချီလိတ်မြို့ရှိ ဘုန်းတော်ကြီးကျောင်းများ၊ စေတီပုထိုးများနှင့် ရွှေတိဂုံစေတီတော်ရင်ပြင်တို့တွင် ပန်း၊ ရေချမ်း၊ အမွှေးနံ့သာ၊ ဆီမီးတို့ ကပ်လှူပူဇော်ခြင်း၊ နိဗ္ဗာန်ဈေးပွဲတော်များ ကျင်းပခြင်းနှင့် ဘုရားဖူးဧည့်သည်များအား စုပေါင်းစတုဒိသာ လှူဒါန်း၍ ခေါက်ဆွဲကြော်၊ ရှမ်းခေါက်ဆွဲ၊ ရေခဲမုန့်၊ အချိုရည်များ ကျွေးမွေးဧည့်ခံခြင်း စသည့်ကုသိုလ်ကောင်းမှု ပြုသူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။

မြင့်မိုရ်(တာချီလိတ်)