တန်ဆောင်မုန်းလပြည့်နေ့သည် သာမညဖလအခါတော်မင်္ဂလာနေ့ဖြစ်သည်။ အခါတော်နေ့ ဖြစ်ပေါ် လာရသည့် အကြောင်းသည် အဇာတသတ်မင်းကြီး၏ ဘဝဖြစ်စဉ်နှင့်ဆက်စပ်နေသည်။ ရဟန်း ပြုရခြင်း၏ အကျိုးကျေးဇူးများကိုသိလိုသဖြင့် မေးမြန်းလျှောက်ထားလာသော အဇာတသတ် မင်းကြီးကို မြတ်စွာဘုရားက တန်ဆောင်မုန်းလပြည့်နေ့ ညချမ်းအချိန်အခါ၌ ရာဇဂြိုဟ်မြို့အနီး ဇီဝကသရက်ဥယျာဉ်တွင် သာမညဖလသုတ်တော်ကို ဟောကြားတော်မူသည်။ သာမညဖလသုတ် တရားတော်ကို နာယူခွင့်ရသည့်အခါ အဇာတသတ်မင်းကြီးသည် ရတနာသုံးပါးကိုကြည်ညိုသည့် သာသနာပြုမင်းကောင်းမင်းမြတ်ဖြစ်လာခဲ့သည်။
အဇာတသတ်မင်းကြီးသည် အဖပြစ်မှားမင်းတစ်ပါးဖြစ်သော်ငြား ပါရမီအခံ ရင့်သန်မှုကြောင့် မြတ်စွာဘုရားရှင်၏ တရားတော်ကို နာကြားရပြီးနောက် သာသနာပြုမင်းဖြစ်လာခဲ့သည်။ ထေရဝါဒ ဗုဒ္ဓ သာသနာ သန့်ရှင်းတည်တံ့ ပြန့်ပွားစေရန် အရေးပါသော ပထမသင်္ဂါယနာတင်ပွဲကို ဖြစ်မြောက်အောင် ဆောင်ကြဉ်းခဲ့သည်။ မြတ်ဗုဒ္ဓ၏ ဇာတ်တော်များကို မပျောက်ပျက်အောင် စုစည်း ထိန်းသိမ်းစောင့်ရှောက်ပေးခဲ့သည်။ ထေရဝါဒဗုဒ္ဓဘာသာသာသနာတော်၏ သမိုင်းမှတ်တမ်း တိကျခိုင်မာစေရန်အတွက် အရေးပါသော သာသနာတော်နှစ်ကို သတ်မှတ်ပေးခဲ့သည်။ မဟာ သက္ကရာဇ် ၁၄၈ ကို ပယ်ဖျက်၍ မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်စံတော်မူသည့် ကဆုန်လပြည့်နေ့မှစ၍ သာသနာတော်နှစ်ကို စတင်ခဲ့သည်။
အဇာတသတ်မင်းကြီး၏ အမြော်အမြင်ကြီးမှုကြောင့် ယနေ့ကာလတွင် မြတ်ဗုဒ္ဓ သက်တော်ထင်ရှား ရှိစဉ် ၄၅ ဝါ သို့မဟုတ် ၄၅ နှစ်၊ သာသနာတော်နှစ် ၂၅၇၀ ပြည့်နှစ် စုစုပေါင်း မြတ်ဗုဒ္ဓသာသနာ ၂၆၁၅ ဟု တိတိကျကျ ပြောနိုင်ရေးနိုင် ခြင်းဖြစ်သည်။ အဇာတသတ်မင်းကြီးကို အကြောင်းပြု၍ သာမညဖလ အခါတော်နေ့ ဖြစ်ပေါ်လာရခြင်းကိုလည်းကောင်း၊ သံဃာတော်များကို ပူဇော်သည့် နေ့မြတ် အဖြစ်လည်းကောင်း ရည်ရွယ်၍ တန်ဆောင်မုန်းလပြည့်နေ့ကို သာမညဖလ အခါတော်နေ့အဖြစ် ကျင်းပကြခြင်းဖြစ်သည်။ သာမညဖလအခါတော်နေ့နှင့်အတူ ကထိန်သင်္ကန်းအလှူပွဲတော်၊ မသိုးသင်္ကန်း ရက်လုပ်ကပ်လှူပူဇော်ပွဲ၊ တန်ဆောင် တိုင်မီးထွန်းပွဲတော်တို့အပြင် နှစ်ကျိပ်ရှစ်ဆူ ဘုရားလှည့်လည်ပူဇော်ပွဲ၊ မီးပုံးပျံလွှတ်ပွဲစသည်ဖြင့် တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသကဲ့သို့ အမျိုးမျိုး ကျင်းပကြပါသည်။
တန်ဆောင်မုန်းလပြည့်နေ့တွင် သံဃာတော်ကို ရည်မှန်းပူဇော်သည့် ကထိန်သင်္ကန်းကပ်လှူ ပူဇော်ခြင်းသည် ပဓာနအကြောင်းဖြစ်ပါသည်။ တန်ဆောင်တိုင် ပွဲတော်သည် မြတ်ဗုဒ္ဓပွင့်တော်မူခါနီး အိန္ဒိယတိုက်မဇိမဒေသတွင် တန်ဆောင်တိုင်ပွဲတော်နှင့်အတူကျင်းပသည့် နက္ခတ်ပူဇော်ပွဲဖြစ်ပါသည်။ မြန်မာ့မြေသို့ ထေရဝါဒ ဗုဒ္ဓဘာသာနှင့်အတူ မဇိမဒေသ ယဉ်ကျေးမှုများစီးဝင်လာရာ ဆီမီး ပူဇော်ပွဲလည်း ပါဝင်လာခဲ့သည်။ ဆီမီးပူဇော်ပွဲနှင့်အတူ ဗာလနက္ခတ်ပွဲလည်း အသွင်ပြောင်းကာ စီးဝင်လာရာ မြန်မာပြည်သို့ရောက်သောအခါ ကျီးမနိုးပွဲ သို့မဟုတ် သူခိုးဗာလပွဲ ဖြစ်လာသည်။ မြန်မာပြည်မှ ဗာလနက္ခတ်ပွဲသည် သာဝတ္ထိပြည်မှ ဗာလနက္ခတ် ပွဲလောက်မကြမ်းသော်လည်း ဆိုးမွေခံ ဗာလမျိုးဆက်သစ်တို့၏ အပြောင်အပြက် အနှောင့်အယှက်ပေးမှုကြောင့် လူကောင်းသူကောင်းများ စိတ်ဆင်းရဲကြရပါသည်။
မြန်မာပညာရှိများက ဗာလနက္ခတ်ပွဲ၊ ဗာလတန်ဆောင်တိုင်ပွဲကို လက်မခံပါ။ အတုလည်းမယူပါ။ သို့သော် မျက်မှောက်ကာလ တန်ဆောင်တိုင်အခါသမယတွင် အပြောင်အပြက်များကို တွေ့လာရ ပါသည်။ တန်ဆောင်တိုင်၊ ကထိန်အလှူပွဲကို အကြောင်းပြု၍ သရုပ်ပျက်ယဉ်ကျေးမှုများ ပါဝင်လာပါသည်။ တန်ဆောင်မုန်းလအတွက် မြန်မာ့ရိုးရာအစဉ်အလာပွဲတော်မှာ မသိုးသင်္ကန်း ရက်လုပ် လှူဒါန်းပူဇော်ပွဲ၊ ကထိန်သင်္ကန်း ကပ်လှူပူဇော်ပွဲသာဖြစ်ပါသည်။ မြန်မာစာပေပညာရှင် မဟာ အတုလမင်းကြီးက “တန်ဆောင်ငယ်မာသ၊ ဆယ့်နှစ်လတွင်၊ ချမ်းမြဧယင်၊ ဗြိစ္ဆာခွင်သို့၊ ရက်ငင်ပြောင်းခွာ၊ ခဝဲညှာလဲ၊ ခိုင်လွှာဝတ်မှုန်၊ ရနံ့သာထုံတော့တယ်၊ ဘုန်းဂုဏ်ကြော့ သမ္ဘိန်မှာ၊ လှူကထိန် သဘင်ခင်းပါလို့ ကျင်းပကြတယ်လေး” ဟု ရေးစပ်၍ ကထိန်သင်္ကန်း ကပ်လှူ ပူဇော်ပွဲသာလျှင် တန်ဆောင်မုန်းလ၏ ရိုးရာ ဘာသာရေးပွဲတော်အဖြစ် မှတ်တမ်းတင်ခဲ့ပါသည်။
သို့ဖြစ်ရာ တန်ဆောင်တိုင်အခါသမယတွင် နက္ခတ်ပူဇော်ပွဲများ၊ ဗာလနက္ခတ်ပွဲများ အစဉ်အလာ ရှိသော်လည်း ဗုဒ္ဓဘာသာဝင် မြန်မာတို့၏ ဗုဒ္ဓအဆုံးအမနှင့် မကိုက်ညီသောကြောင့် ဖယ်ရှားရမည် ဖြစ်သည်။ သံဃာတော်အားရည်မှန်း၍ ကထိန် သင်္ကန်းကပ်လှူခြင်းကိုသာ ကောင်းမှုများရနိုင်သည့် ရိုးရာဘာသာရေးပွဲတော်အဖြစ် လက်ခံကြရမည်ဖြစ်သည်။ တန်ဆောင်မုန်းလပြည့်အခါသမယတွင် ဗုဒ္ဓသာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် ရဟန်းပြုခြင်းအကျိုးတရားများကို မြတ်ဗုဒ္ဓ ဟောကြားတော်မူသော သာမညဖလသုတ်တော်ကိုပူဇော်ကာ ကုသိုလ်ကောင်းမှုအစုစုတို့ကို ပြုလုပ်ကြရမည်ဖြစ်ပါကြောင်း။


